ဆွမ်ပရာဘွမ်  ၂၉  အောက်တိုဘာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံများလုံခြုံရေး တာဝန်ပေးအပ်နိုင်ရေးအတွက် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် အထူးရဲသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ဘန်ရူခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုယ်ပူတိုင်းပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်းများ ပြုလုပ်ပြီးကျင်းပ ပြုလုပ်ခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းဇော်ဦး တို့မှ အထူးရဲတပ်ဖွဲ့ဝင်များ မဲရုံလုံခြုံရေးတာဝန်များ ထမ်းဆောင်ရာတွင် သိရှိလိုက်နာရမည့်ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ ရွေးကောက်ပွဲဥပဒေများ၊ ရဲကျင့်ဝတ်များ၊ မီဒီယာကျင့်ဝတ်များ၊ တပ်ဖွဲ့ဝင် ယူနီဖောင်း ဝတ်ဆင်ခြင်းများ၊ စစ်ပညာများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကြေညာစာတမ်းများကို စာတွေ့ လက်တွေ့ သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲ အခြေခံအကျဆုံး တာဝန်ထမ်းဆောင်ရမည့် အထူးရဲများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မမျှော်မှန်းနိုင်သော လုပ်ငန်းတာဝန်များကို ဘက်ပေါင်းစုံမှကြည့်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်များနှင့်အညီ သတိကြီးစွာ ဆောင်ရွက်သွားကြရာမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြီးကို တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲ ပြီးစီးသွားပါက သတ်မှတ်ချက်နှင့် ကိုက်ညီသူများအနေဖြင့် ဆန္ဒရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်တာဝန် ထမ်းဆောင်နိုင်ပါကြောင်း ပြောကြားခဲ့သည်။

 

ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် မဲရုံ ၁၂ ရုံအတွက် အထူးရဲသင်တန်းသား (၁၂) ဦးအား အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ကာ အောက်တိုဘာလ (၂၈) ရက်နေ့အထိ သင်တန်းပို့ချပေးခဲ့ပြီး အထူးရဲသင်တန်း တွင် ဆုရရှိသူများနှင့် သင်တန်းသားများအား စစ်ရေးပြထူးချွန်ဆု၊ ဥပဒေဘာသာရပ်ထူးချွန်ဆု၊ ဘက်စုံထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များကို တက်ရောက်လာသောဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

ကုဋေ (ပြန်/ဆက်)