၂၉ အောက်တိုဘာ

 

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရှိ စာသင်ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာအမိန့်များ ထပ်မံထုတ်ပြန်ချိန်အထိ ပိတ်ထားမည်ဖြစ်ကြောင်း ဒေလီဒုတိယဝန်ကြီးချုပ် မာနစ် စီစိုဒရာက ယမန်နေ့က ပြောကြားခဲ့သည်။

 

စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သည့် နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအရေအတွက် များပြားလာသည်ဟု အစီအရင်ခံစာများအရ သိရသည်။

 

ဒေလီမြို့တော်ရှိအာဏာပိုင်များသည် အောက်တိုဘာ ၃၁ ရက်နေ့အထိ စာသင်ကျောင်းအားလုံးပိတ်ထားရန် အစောပိုင်းကညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်းတွင် အသွားအလာကန့်သတ်ပိတ်ဆို့မှုကို မတ်လက ချမှတ်ခဲ့ပြီး ဒေလီ၊ အခြားပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများရှိ စာသင်ကျောင်းများကို ပိတ်ထားခဲ့သည်။

 

ဒေလီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်များဖြစ်ပွားနေသဖြင့် နောက်ထပ်အမိန့်များထပ်မံထုတ်ပြန်ချိန်အထိ  စာသင်ကျောင်းများအားလုံး  ဆက်လက်ပိတ်ထားမည်ဖြစ်သည်။လတ်တလောတွင် အွန်လိုင်းဖြင့် တစ်ဝက်တစ်ပျက်လေ့လာမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

ဒေလီတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၃၅၆ ဦး အပါအဝင် ရောဂါကူးစက်ခံရသူ ၃၆၄၃၄၁ ဦး ရှိသည်။

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၇၉၉၀၃၂၂ ဦး ရှိပြီး ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၁၂၀၀၁၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ယမန်နေ့က ပြောကြားခဲ့သည်။

 

အိန္ဒိယနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယကူးစက်မှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို