၂၉ အောက်တိုဘာ

 

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်သွေးကြွနှစ်ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့က ပြောကြားခဲ့သည်။

 

ကက်ရှ်မီးယားဒေသ နွေရာသီမြို့တော် စီနာဂါမြို့တောင်ဘက်  ၂၉ ကီလိုမီတာအကွာ ဘတ်ဂမ်ခရိုင် မူချဝါကျေးရွာတွင် အင်္ဂါနေ့ညနေပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

 

ထိုဒေသတွင် စစ်သွေးကြွများရှိနေကြောင်း တိကျသည့်သတင်းအချက်အလက်ရရှိသဖြင့် ယင်းဒေသကို ပိတ်ဆို့ဝန်းရံထားခဲ့ကြောင်း တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။

 

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုတွင် အစိုးရတပ်ဖွဲ့များ ထိခိုက်သေဆုံးခြင်း မရှိပေ။

 

ထိုဒေသတွင် ၁၉၈၉ ခုနှစ်နောက်ပိုင်း  အိန္ဒိယအစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်သော စစ်သွေးကြွအုပ်စုများသည် အိန္ဒိယတပ်ဖွဲ့များနှင့်   ပြောက်ကျားတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

 

အစိုးရတပ်ဖွဲ့များနှင့် စစ်သွေးကြွများအကြား တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို