မြိတ် ၂၉  အောက်တိုဘာ  

မြိတ်မြို့ ကျောက်ဖျာမြို့သစ် စီမံကိန်းဧရိယာအတွင်းရှိ အုပ်ချုပ်မှုဇုန်မြေဧရိယာတွင် ပါဝင်သော တောင်သူ (၅)ဦးအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒုတိယအကြိမ် မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးများကို အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီက ပုလဲရတနာခန်းမတွင် မြေတစ်ဧက ကျပ်သိန်း ၉၀ ဖြင့်  မြေ (၁၈.၅) ဧကအတွက် သိန်းပေါင်း ၁၆၆၅ သိန်း ပေးအပ်ခဲ့သည်။

 

မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြား ရာတွင် “တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောက်ဖျာမြို့သစ် စီမံကိန်းဧရိယာ (၅၅၀၃.၅၂) ဧကအနက် အသုံးပြုရန်မရှိသည့် ပြန်လည်စွန့်လွှတ်မည့်ဧရိယာ (၄၄၁၆.၆၁)ဧကနှင့် ပတ်သက်ပြီး၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ပြန်လည်စွန့်လွှတ်နိုင်ရေး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေး ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ  ဗဟိုကော်မတီမှ  မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ရန်အတွက် စွန့်လွှတ်မည်ဖြစ်ကြောင်း အကြောင်းကြားလာသည့် အတွက် အဆိုပါမြေဧရိယာ (၄၄၁၆.၆၁)ဧကအား မူလတောင်သူများထံ ယာယီ(ပုံစံ-၃) ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး မကြာမီတောင်သူများထံ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

ထိုနောက် ကျောက်ဖျာမြို့သစ် စီမံကိန်းဧရိယာအတွင်းရှိ အုပ်ချုပ်မှုဇုန်မြေဧရိယာ၌ ပါဝင်သော တောင်သူ (၅)ဦးအား မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးများကို မြေတစ်ဧက ကျပ်သိန်း(၉၀)ဖြင့်  မြေ(၁၈.၅)ဧကအတွက် တစ်ထောင့်ခြောက်ရာ ခြောက်ဆယ်ငါးသိန်းကျပ်ကို မြေဧကများအလိုက်ကို ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ပေးအပ်ခဲ့ကြရာ မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးရရှိသည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

 

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးမည့် မြေဧရိယာ(၉၂.၆၀၄) ဧကအတွက် လျော်ကြေး၊ နစ်နာကြေးပေးချေရေး ကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေများဖြင့် မြေဧရိယာ (၄၇.၃၆)ဧကအတွက် လျော်ကြေး၊ နစ်နာကြေးကို ဇူလှိုင်လ၌ လည်းကောင်း၊ မြေဧရိယာ (၈.၈၉)ဧကအတွက် လျော်ကြေး၊ နစ်နာကြေးကို စက်တင်ဘာလ၌ လည်းကောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တောင်သူများအား  စုစုပေါင်း မြေဧရိယာ (၅၆.၂၅) ဧကအတွက် မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးများကို ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)