လေးမျက်နှာ ၂၉ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ စာရေးဝန်ထမ်း (၇၆) ဦးအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည် (အကြို) ထောက်ပံ့ရေး ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ရပ်ကွက်/ကျေးရွာ အုပ်စု (၄၈)စုမှ စာရေးဝန်ထမ်းများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆောင်ရွက်ရသည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားပြီး ယခုထောက်ပံ့ရေး ပစ္စည်းများကို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ နှစ်ပတ်လည်(အကြို)နေ့အဖြစ် ဝန်ထမ်းများအား သတင်းကျွတ်အခါမှီအခြေခံ စားကုန်(၄)မျိုးနှင့် အမှတ်တရ အားကစားအင်္ကျီများ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူ တို့က လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း (၇၆)ဦးအား ထောက်ပံ့ရေး ပစ္စည်းများကို ဝန်ထမ်းများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)


