နေပြည်တော် ၂၉  အောက်တိုဘာ 
    


မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ဆောက်လုပ်လှူဒါန်းထားသည့် နေပြည်တော်ကလေးပြုစုရေးဌာနတွင် အသုံးပြုနိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဇနီးဒေါ်မြသိင်္ဂီအမှူးပြုသော ဝန်ထမ်းမိသားစုများ၏ စုပေါင်းအလှူငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ယမန်နေ့မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်ခံသည်။

 

ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ဇနီး ဒေါ်မြသိင်္ဂီက လှူဒါန်းရသည့်အကြောင်းရင်းကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရင်ခွင်မဲ့ ကလေးများအတွက်သာမက တစ်ကိုယ်ရေမိခင်များ  စောင့်ရှောက်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ကလေးငယ်များအတွက် ရေရှည်သုံးစွဲနိုင်မည့် ငွေပဒေသာပင်ကို မတည် လှူဒါန်းပေးခြင်းအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဇနီးဒေါ်မြသိင်္ဂီက ငွေပဒေသာပင်အတွက် ငွေကျပ်သိန်းတစ်ရာကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်