နေပြည်တော် ၂၉ အောက်တိုဘာ
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန မိသားစုတို့က ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ရေခဲသေတ္တာတစ်လုံးနှင့် လေအေးပေးစက် လေးလုံးတို့ကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ COVID-19 ICU အခန်းအတွက်နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးနှင့် သွားရောဂါအထူးကု ဆေးရုံကြီးတို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် စိန်ဟင်္သာရိပ်မွန် ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော ငွေကျပ် ၃၃ သိန်းခန့်တန်ဖိုးရှိ ထမင်းဘူးနှင့် စည်သွပ်ဘူးများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ အစည်းအဝေးခန်းမဆောင်-၂ ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး မိကျင်သန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်ဇနီး ဒေါက်တာနန်းခမ်းမိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလှမော်ဦး၊ ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က လှူဒါန်းရသည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး မိကျင်သန်းတို့က ဝန်ကြီးဌာန မိသားစုတို့မှ လှူဒါန်းသော နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ COVID-19 ICU အခန်းအတွက် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ရေခဲသေတ္တာတစ်လုံးနှင့် လေအေးပေးစက် လေးလုံးတို့ကို ပေးအပ်လှူဒါန်းရာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဒုတိယ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်ကြီး ပူးတွဲတာဝန် ဒေါက်တာအောင်လင်းအေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး မိကျင်သန်းက နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ် အထူးကုဆေးရုံကြီးနှင့် သွားရောဂါအထူးကု ဆေးရုံကြီးတို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ သုံးဆောင်နိုင်ရန်အတွက် စိန်ဟင်္သာရိပ်မွန် ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော ငွေကျပ် ၃၃ သိန်းခန့် တန်ဖိုးရှိ ထမင်းဘူးနှင့် စည်သွပ်ဘူးများကို ပေးအပ်လှူဒါန်းရာ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


