ခရမ်း  ၂၉  အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက်ရှိ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၉ နာရီကမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများ လိုက်ပါ၍ အိမ်တိုင်ရာရောက် စနစ်ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများသည် အသက်(၆၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ရန်အတွက် အိမ်တိုင်ရာ ရောက်စနစ်ဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် လူကိုယ်တိုင် လာရောက် ဆန္ဒမဲပေးခြင်းဖြင့် လည်းကောင်း စီစဉ်ဆောင်ရွက်ထားရှိပေးပြီး ကြိုတင်ဆန္ဒမဲပုံးများကိုလည်း အထူးရဲတပ်ဖွဲ့ဖြင့် စနစ်တကျ စောင့်ကြည့်သိမ်းဆည်းထားကာ နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်း မဲရုံများဖွင့်ချိန်မတိုင်မီ သက်ဆိုင်ရာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရမ်းမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် မြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၁၇၃၉၈ ဦးရှိကြောင်း၊ အဆိုပါ မဲဆန္ဒရှင်ပြည်သူများအား အောက်တိုဘာ ၂၉ ရက်မှစတင်ပြီး နိုဝင်ဘာ  ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကိုမင်း(ခရမ်း )