စစ်တွေ   ၂၉  အောက်တိုဘာ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့နံနက်ပိုင်းက ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ One State One Township Project စီမံချက်ဖြင့် ဂွမြို့၊ မြို့ပေါ်ရပ်ကွက်များ မြေငှားဂရန် ထုတ်ပေးခြင်း အခမ်းအနားနှင့် ပြန်လည်စွန့်လွှတ်မြေများ မူလပိုင်ရှင်များထံ ပေးအပ်ပွဲအခမ်းသို့ တက်ရောက်သည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကား ပြောကြားပြီး သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က မြေငှားဂရန်ထုတ်ပေးရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ပထမ အကြိမ်အဖြစ် မြေငှားဂရန် ၆၆ ခုအား မြေငှားဂရန်ရရှိသူများလက်ဝယ်သို့ ပေးအပ်ကြပြီး ရပ်မိ၊ ရပ်ဖ ဦးစံတင်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါခန်းမ၌ ဂွမြို့နယ်၊ မကျေးငူကျေးရွာအုပ်စု၊ စဉ့်အိုးချောင်းကွင်းရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေများအား မူလပိုင်ရှင်များထံသို့ ပုံစံ(၇)ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ သံတွဲခရိုင် အုပ်ချုပ်ရေးမှူးက ပုံစံ (၇)ထုတ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပုံစံ (၇)ရရှိသူ ၆၄ ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) များပေးအပ်ရာ ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ကင်းပုံကျေးရွာအုပ်စု၊ ကမ်းသာယာကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေအား မူလပိုင်ရှင် ဦးဖိုးဖေထံသို့ လယ်ယာမြေယာယီလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၃)အား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ မြေးဖြစ်သူ ဦးရဲမင်းထွန်းက ပြန်လည်လက်ခံရယူခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)