နေပြည်တော် ၂၉ အောက်တိုဘာ

 

နိုင်ငံတော်အစိုးရသည်  သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် အာဟာရ ဖွံ့ဖြိုးတိုးတက်စေရန်၊ သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်နှင့် ၎င်းတို့မိသားစုများ၏ ထိခိုက်လွယ်မှုကို လျှော့ချရန်ရည်ရွယ်၍ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေး ပင်စင်ထောက်ပံ့ခြင်း အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

ငွေကြေးထောက်ပံ့ကြေး အစီအစဉ်တွင် အကျုံးဝင်သည့် သက်ကြီးရွယ်အိုများအား တစ်ဦး တစ်လလျှင် ကျပ်(၁၀,၀၀၀/-)နှုန်းဖြင့် (၃)လလျှင်တစ်ကြိမ် ကျပ်(၃၀,၀၀၀/-) ထောက်ပံ့ပေးခြင်းဖြစ်ပါသည်။ အကျုံးဝင်သည့် သက်ကြီးရွယ်အိုများအနေဖြင့် မိမိတို့နေထိုင်သည့် နီးစပ်ရာ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/ မြို့နယ် လူမှုဝန်ထမ်းရုံးများသို့ အသက်အတွက် အထောက်အထားများ ဖြစ်သည့် မှတ်ပုံတင်/ နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆)ဖြင့် စာရင်းသွင်းလျှောက်ထားရမည်။ 

 

အထက်ပါ အသက်အထောက်အထား သက်သေခံ(၂)မျိုးလုံးမရှိပါက ဖြေလျှော့ခြင်း အဆင့်(၄)ဆင့်ပါ  ထောက်ခံစာပုံစံဖြင့် စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

 

အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်နှင့် ပတ်သက်၍ သတင်းအချက်အလက်များ ရယူခြင်း၊ အကြုံပြုခြင်းနှင့် တိုင်ကြားခြင်းများ ဆောင်ရွက်လိုပါက လူမှုဝန်ထမ်းဦးစီးဌာန ဖုန်းနံပါတ် ၀၆၇-၃၄၀၄၅၈၃ ၊ ၀၆၇-၃၄၀၄၀၇၇ ၊ ၀၆၇-၃၄၀၄၂၂၂ ၊  ၀၆၇-၃၄၀၄၉၉၉ များသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန