ရန်ကုန် ၂၉ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ရပ်ကွက်၊ကျေးရွာများတွင် ယနေ့ နံနက်ပိုင်းကစတင်၍ ဆောင်ရွက်ကြသည်။
“ဒေါပုံမြို့နယ်မှာတော့ ဒီနေ့မနက် ၈ နာရီကစပြီး ကြိုတင်မဲပေးနိုင်ဖို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ မိုဘိုင်းပုံစံ ရွေ့လျားမဲပုံးနဲ့ တစ်လမ်းဝင်တစ်လမ်းထွက် တစ်အိမ်တက်ဆင်း မဲပေးနိုင်အောင် ဆောင်ရွက်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ဝင်တစ်ယောက်၊ မဲရုံမှူး သို့မဟုတ် ဒုမဲရုံမှူးတစ်ဦးပါပါ တယ်။ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ မဲပေးနိုင်အောင် ဆောင်ရွက်ထားပါတယ်။ ဒေါပုံမြို့နယ်မှာ မဲပေး ပိုင်ခွင့်ရှိသူ ခုနှစ်သောင်းခန့်ရှိပါတယ်။ အဲဒီအထဲမှာမှ အသက် ၆၀ အထက် သက်ကြီးရွယ်အို တစ်သောင်းခန့် ရှိပါတယ်” ဟု ဒေါပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးစန်း က ပြောသည်။
အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့မှစတင်ကာ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သံလျင်မြို့နယ် မြို့မတောင်ရပ်ကွက်နေ အသက် ၇၃ နှစ်အရွယ် ဦးကြင်အေး က “ ဒီနေ့ ရပ်ကွက်ကော်မရှင်ရုံးက တာဝန်ရှိသူတွေ မဲရုံမှူးတွေ အိမ်တိုင်ရာရောက် ကြိုတင်မဲပေးနိုင်ဖို့ လာကြပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိအောင် အဘကိုယ်တိုင်လည်း Mask တပ်ထားတယ်။ လာတဲ့သူတွေကလည်း Mask တွေ လက်အိတ်တွေ စနစ်တကျဝတ်ဆင်ပြီး လာကြပါတယ်။ အဓိက တစ်ခြားမဲဆန္ဒရှင်တွေကို ပြောချင်တာက ကိုယ့်ရဲ့ မဲတစ်ပြားကို ဆုံးရှုံးမှုမရှိအောင် မဲပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောပြသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန် အိမ်ယာနေ ဦးမောင်မောင်အေး က “ ဒီနေ့ ညနေမှာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ မဲရုံကိုသွားပြီး မဲသွားပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ မဲစာရင်းနံပါတ်ရယ် မှတ်ပုံတင်ရယ် ယူသွားခဲ့ပါတယ်။ မဲပေးရတာ ပွင့်လင်းမြင်သာမှုရှိပါတယ်။ ကိုဗစ်မကူးစက်အောင် Mask တပ်သွား တယ်။ လက်အိတ်စွတ်သွားတယ်” ဟု ပြောသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး မဲပေးခြင်းလုပ်ငန်းစဉ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့်အညီ ဖြစ်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး သက်မှတ်ရက်များတွင် ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သည့် မဲဆန္ဒရှင်ပြည်သူများ၊ Quarantine Center များ တွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူနေရသည့် မဲဆန္ဒရှင် ပြည်သူများ၊ အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးမဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့မှစတင်၍ သတ်မှတ်နေရာများအလိုက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
ထို့ပြင် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲ ပေးကြမည့် မဲဆန္ဒရှင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရးအတွက် ဆန္ဒမဲပေးရာတွင် ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်လာရန်၊ Social Distancing နှင့်အညီစနစ်တကျ လိုက်နာဆောင်ရွက်ရန်နှင့် ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ရုံးများတွင်လည်း ပါးစပ်၊ နှာခေါင်းစည်း(Mask) ၊ Face Shield များ၊ ရေမလိုလက်သန့်ဆေးရည်များကိုလည်း စနစ်တကျ သုံးစွဲနိုင်ရန် ထားရှိပေးမည်ဖြစ်သည့်အပြင် နေအိမ်များတွင် ကြိုတင်ဆန္ဒမဲ ပေးမည့် မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးပစ္စည်း များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်က ဆန္ဒမဲကောက်ယူသည့် နေရာအလိုက် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။
“ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကြိုတင်မဲ လာပေးကြတဲ့သူတွေကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိအောင် Mask တပ်လာစေတယ်။ လက်သန့်ဆေးရည်တွေနဲ့ လက်ကိုသန့်စင်စေပါတယ်။ တာဝန်ထမ်းဆောင်ကြတဲ့ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ဝင်တွေ၊ မဲရုံမှူးနဲ့ ဒုမဲရုံမှူးတွေကိုလက် လက်အိတ်တွေ၊ Mask တွေ Face Shieldတွေ တပ်ဆင်ပြီးမှ မဲပေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်စေတယ်။ လက်သန့်ဆေးရည်တွေကိုလည်း အချိန်မရွေး အသုံးပြုနိုင်အောင် ကိုယ်နဲ့မကွာ ဆောင်ခိုင်းထားပါတယ်” ဟု ဒေါပုံမြို့နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးစန်း က ပြောသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် မဲရုံပေါင်း (၅၈၀၉) ရုံ လျာထား ပြင်ဆင်ဆောင်ရွက်နေပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် မဲရုံမှူးနှင့် အဖွဲ့ဝင် အင်အား ငါးသောင်းကျော် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၉၅) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၆၉) ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၉၅) ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၇၇) ဦး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း (၇)ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦးနှင့် တစ်သီးပုဂ္ဂလက လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၂) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၅၆ သိန်းခန့်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၆ သိန်းခန့်တိုးလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးက သိရသည်။
သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ရဲထွဋ်၊ သန်းဝင်း


