ရန်ကုန် ၂၉ အောက်တိုဘာ
မြန်မာဝိုင်အမ်စီအေနှင့် မြစ်ကြီးနားဝိုင်အမ်စီအေတို့ ပူးပေါင်းပြီး ရွေးကောက်ပွဲတွင် မဲပေးကြမည့် ကချင်ပြည်နယ်ရှိလူငယ်များ နိုင်ငံသားဆိုင်ရာ အသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများရရှိရန်အတွက် ပြည်သူ့နီတိသင်တန်းကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ လူငယ်သင်တန်းသား(၁၆)ဦး၊ သင်တန်းသူ (၁၆)ဦး၊ စုစုပေါင်း (၃၂)ဦး တက်ရောက်ခဲပြီး သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးပါက မိမိတို့သိရှိခဲ့သော အကြောင်းအရာများကို မိမိတို့၏ပတ်ဝန်းကျင်သို့ ဆင့်ပွားပြန်လည်ဝေမျှခြင်းဖြင့် နိုဝင်ဘာလတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ပါဝင်နိုင်ကြမည် ဖြစ်သည်။
မြန်မာဝိုင်အမ်စီအေသည် ရေရှည်တည်တံ့ခိုင်မြဲသော အသက်မွေးဝမ်းကြောင်းနှင့် လူမှုဖွံ့ဖြိုးရေးစီမံကိန်း အနေဖြင့် ပြည်သူနီတိသင်တန်းများကို ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်ရှိသော လူငယ်များအတွက် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


