နေပြည်တော်  ၂၉  အောက်တိုဘာ

 

ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုတိုးတက်လာစေရေးနှင့် အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုလိုငွေ ၅ ဒသမ ၅ ဘီလီယံခန့်ရှိခဲ့ရာမှ ပို့ကုန်တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလို ငွေ ၁ ဒသမ ၄ ဘီလီယံခန့်အထိ လျော့ကျခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာလတွင်လည်း ကုန်သွယ်မှု ကဏ္ဍတွင် ထိခိုက်မှုနည်းပါးသည်ဟု ယူဆနိုင်သော်လည်း ၂၀၂၀-၂၀၂၁ တွင် ထိခိုက်မှုရှိလာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့်  ကိုဗစ်-၁၉ အလွန်ကာလတွင် ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်တို့အတွက် အစီအမံများချမှတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ကိုလည်း လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်/သွင်းကုန်လိုင်စင် ထုတ်ပေးခြင်းကို အချိန်နှင့် ငွေကြေးကုန်ကျမှု သက်သာ စေရေးအတွက် Fully Online စနစ်ဖော်ဆောင်ပေးခြင်း၊ လိုင်စင်ကြေးများ ဖြေလျှော့သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး MyanmarTradeNet 2.0 ကိုလည်း စတင်အသုံးပြု ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများအပြင် နိုင်ငံတော်မှပေးအပ်သည့် တာဝန်များဖြစ်သော မြန်မာ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ မိမိတို့ဝန်ကြီးဌာနတွင် မူပိုင်ခွင့်ဌာန တစ်ခုတိုးလာခဲ့ပြီး ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များလည်း ပိုမိုကျယ်ပြန့်လာသဖြင့် စနစ်တကျ ပိုမိုအလေးထား ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း။

 

ကုန်သွယ်မှုမြင့်တင်နိုင်ရေးနှင့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် စီးပွားရေးသံမှူး (၁၅) ဦးကို ပြည်ပနိုင်ငံ (၁၂) နိုင်ငံသို့ စေလွှတ်တာဝန်ပေးအပ်ထားနိုင်ခဲ့ပြီး ကုန်သွယ်ဖက် နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်စည် ပြပွဲများကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

ပို့ကုန်ပိုမိုတိုးမြှင့်နိုင်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်နိုင်စွမ်းရှိစေရန် လိုအပ်သကဲ့သို့ ဈေးကွက်တစ်ခုတည်းကို မှီခိုအားထားနေခြင်းမပြုဘဲ ကျယ်ပြန့်သော ဈေးကွက်ရရှိစေရေးနှင့် ဈေးနှုန်းနှင့် အရည်အသွေးယှဉ် ပြိုင်နိုင်စွမ်းရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် တင်ပို့နိုင်စေရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် အင်တာနက်နှင့် အွန်လိုင်းစနစ်များကို ပိုမိုအသုံးချဆောင်ရွက်လာခြင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ခြင်း၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်လာနိုင်ခြင်း၊ စားသုံးသူ ကာကွယ်ရေးကော်မတီများ ဖွဲ့စည်း၍ စားသုံးသူများ၏ အကျိုးစီးပွားကို ဆောင်ရွက်ခြင်းကိုလည်း ပိုမိုဆောင်ရွက် ပေးနိုင်ခဲ့သည်ကို မြင်တွေ့ရပါကြောင်း။ 

 

ထို့ပြင် နိုင်ငံတော်၏ အရေးပေါ်ရိက္ခာဝယ်ယူရေး၊ တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေးအဖြစ် အခြေခံ ဈေးနှုန်းဖြင့် ဆန်စပါးဝယ်ယူရေးတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပို့ကုန်မြှင့်တင်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာကို ချမှတ်ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ အထောက်အကူပေးနိုင်မည့် Help Desk များနှင့် International Trade Center တို့ တည်ထောင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မူပိုင်ခွင့်ကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံတကာကုန်သွယ်မှုအတွက် အရေးပါသည့် ဥပဒေ (၄) ခုအား ပြဋ္ဌာန်းနိုင်ခဲ့ပြီး ရေးဆွဲနေဆဲဥပဒေများလည်း ရှိနေခြင်းတို့မှာ သိသာထင်ရှားသော အောင်မြင်မှုများဖြစ်ပါကြောင်း။  

 

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍ၏ အင်အားကိုယူ၍ ဈေးကွက်စီးပွားရေးစနစ်ကို စနစ်တကျ ဖော်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများ၏ အရည်အသွေး ပြည့်ဝနေစေရန် အစဉ်ကြိုးပမ်းသွားကြစေလိုပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးချုပ်များ၊ နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံများ၊ တိုင်းဒေသကြီးများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်