နေပြည်တော် ၂၉ အောက်တိုဘာ
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နေပြည်တော်၌ ကြိုတင်ဆန္ဒမဲ ပေးကြမည့်သူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲများပေးကြသည်။
မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်းမပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၊ တာဝန်အရ မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင်ရမည့် မဲဆန္ဒရှင် (နိုင်ငံ့ဝန်ထမ်း)များ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ လာရောက် နိုင်ခြင်းမရှိသော မဲဆန္ဒရှင်များ၊ အသက်(၆၀)နှစ်နှင့်အထက် ရှိသူများသည် ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇဗ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးကြသည်။
ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများကို မဲရုံပြင်ပ ကြီးကြပ်ရေးတာဝန် ထမ်းဆောင်သူများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ပေးခြင်း၊ နှာခေါင်းစည်ထုတ်ပေးခြင်း၊ မဲရုံမှူးများက မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ ဆန္ဒမဲပေးပြီးကြောင်း လက်မှတ်ထိုးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ် အချိန်ကြန့်ကြာမှုမရှိစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ မဲပေးနိုင်ရေးတို့အတွက် ကူညီဆောင်ရွက်ပေးကြသည်။
ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိသည့် အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များကို နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အသက်(၆၀)နှစ်နှင့် အထက်ရှိသူ မဲဆန္ဒရှင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
မျိုးသွင်ကျော်


