ရန်ကုန် ၂၉ အောက်တိုဘာ
ဂျပန်နိုင်ငံအစိုးရ၏ “ရွေးကောက်ပွဲအကူအညီပေးရေးစီမံကိန်း” အရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးသူများအား အမှတ်အသားပြုမည့် ကြာရှည်ခံမင်ဘူး ၁၁၃၀၀၀ အား ထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်၊၊
ယင်းလှူဒါန်းမှုကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ အထောက်အကူပြု ပစ္စည်းများတင်ဆောင်လာသော အထူးလေယာဉ်သည် ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၏ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ စီးပွားရေးတာဝန်ခံ မစ္စတာ တာကီမီ ကာဇူယူကီ က မဲပေးသူများအား အမှတ်အသားပြုမည့် ကြာရှည်ခံမင်ဘူးများကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် တာဝန်ရှိသူများက လက်ခံရယူသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား ဂျပန်အစိုးရနှင့် ပြည်သူများ၏ ငွေကြေးထောက်ပံ့မှု၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ကူညီမှုအစီအစဉ်တို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လေကြောင်းခရီးဖြင့် သုံးကြိမ်ပို့ဆောင် လှူဒါန်းသွားမည်ဖြစ်ရာ ယနေ့တွင် ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။
ယနေ့လှူဒါန်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမက “၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပတုန်းကလည်း အခုလို ထောက်ပံ့ခဲ့ပါတယ်။ အခုကတော့ ဒုတိယအကြိမ် ထောက်ပံ့တာ ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းရှိပါတယ်။ ရွေးကောက်ပွဲဆိုတာ အင်မတန် အရေး ကြီးပါတယ်။ အထူးသဖြင့် လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် မြန်မာ ပြည်သူတွေအနေနဲ့ ဆန္ဒမဲပေးတဲ့အခါမှာ တစ်ကြိမ်ထက်ပိုပြီး ဆန္ဒမဲမပေးနိုင်ဖို့အတွက် အကူအညီပေးနေတာပါ။ ဒါကြောင့် ဒီမင်ရည်ကို အသုံးပြုပြီးတော့ မြန်မာ့အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။
ထို့အတူ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပိုမိုတိုးတက်စေရန်အတွက် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အစွမ်းကုန် ပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း၊ ယခုအကြိမ် အထွေထွေရွေးကောက်ပွဲကျင်းပရာတွင်လည်း ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာ ယိုရှီဆာဆာကာဝါ ဦးဆောင်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ကို စေလွှတ်ထားသည့်အပြင် ယခု စီမံကိန်းမှတစ်ဆင့် တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲကျင်းပနိုင်ရန် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


