မင်းဘူး ၂၉ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကာလတွင် အသက် ၆၀ နှင့်အထက် မဲပေးမည့်သူများနှင့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ယနေ့နံနက်ပိုင်းမှစတင်ကာ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆန္ဒမဲပေးရာတွင် “အသက်(၆၀)နဲ့အထက် မဲပေးမယ့်သူတွေအနေနဲ့ အသက်အရွယ်ကြီးရင့်ပြီး မဲရုံကို မလာရောက်နိုင်သူတွေ အနေဖြင့် ကြိုတင်ဆန္ဒမဲကောက်ယူပေးဖို့ အကြောင်းကြားပါက သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဝင်တွေက အိမ်တိုင်ရာရောက် သွားရောက်ကောက်ယူပေးတာတွေကို လုပ်ဆောင် ပေးပါတယ်။ မဲရုံကိုလာရောက်နိုင်သူတွေနဲ့ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူတွေကတော့ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအသီးသီးမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို အဖွဲ့ဝင်တွေက စီစဉ်ဆောင်ရွက်ပေးနေပါတယ်” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲ့ရုံးမှ ဦးစီးအရာရှိ ဒေါ်ရည်မွန်ဖွေးက ပြောသည်။
ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်မှစတင်ကာ နိုင်ဝင်ဘာ ၅ ရက်နေ့အထိ မဲဆန္ဒရှင် မိဘပြည်သူများ အေးချမ်းလွတ်လပ်စွာ မဲပေးနိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ ဖြစ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၇၄)အုပ်စု၊ ကျေးရွာပေါင်း (၁၅၀) တွင် မဲရုံပေါင်း (၁၇၁) ရုံ စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ အသက် (၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးခွင့်ရှိသူ (၁၄၀၀၀၀) ကျော်ရှိပြီး အသက် (၆၀)နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၂၁၀၀၀)ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)


