ညောင်ဦး ၃၀ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ်ဆေးရုံတွင် စက်ရေတွင်း ချို့ယွင်းပျက်စီး နေ၍ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ၌ ဆေးကုသမှုခံယူနေသော လူနာများအတွက် သောက်သုံးရေ လိုအပ်နေကြောင်း သိရ၍ အောက်တိုဘာ ၂၈ ရက်နေ့ ည ၈ နာရီက စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တာဝန်ခံမီးသတ်ဦးစီးမှူး တပ်ကြပ်ကြီး ဇော်မင်းသိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေ မီးသတ်စခန်းမှ တာဝန်ခံမီးသတ်ဦးစီးမှူး တပ်ကြပ်ကြီးဇော်မင်းသိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက စဉ့်ကူတိုက်နယ်ရှိ မြတ်စေတနာ နာရေးကူညီမှုအသင်းမှ ပရဟိတအဖွဲ့ဝင် များနှင့် ပူးပေါင်းပြီး ဌာနပိုင်ရေသယ်ယာဉ်ဖြင့် ရေဂါလန် ၃၂၀၀၊ ပရဟိတအသင်း ရေသယ်ယာဉ်ဖြင့် ရေဂါလန် ၁၂၀၀၊ စုစုပေါင်း ရေဂါလန် ၄၀၀ အား စဉ့်ကူတိုက်နယ်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအတွက် သောက်သုံးရေဖူလုံစေရေး ရေလှောင်အုတ် ရေကန်အတွင်း စနစ်တကျ ဖြည့်တင်းလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ စဉ့်ကူနယ်မြေ မီးသတ်စခန်းမှ တပ်ကြပ်ကြီး ဇော်မင်းသိန်း ထံက သိရသည်။
လှိုင်ဝင်းလေး (ပုဂံမြေ)


