ငရုတ်ကောင်း ၃၀ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်မဲရုံအဖွဲ့ဝင်ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက ငရုတ်ကောင်းမြို့(အထက)ရွှေရတုခမ်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မဲရုံမှူးတို့မှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် မဲရုံအဖွဲ့ဝင်ဆရာ၊ဆရာများ အနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် ညွှန်ကြားချက်များကို အလေးထားလိုက်နာ ဆောင်ရွက်သွား စေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ပညာရေးဝန်ထမ်း မဲရုံအဖွဲ့ဝင်ဆရာ၊ ဆရာမများက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်ကြမည့် လုပ်ငန်းများအပေါ် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ မဲရုံမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)


