ရန်ကုန် ၃၀ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း စားသောက်ရေး အခက်အခဲရှိသော အခြေခံလက်လုပ်လက်စား အိမ်ထောင်စု ၃၀၀ အတွက် အခြေခံစားသောက်ကုန်များကို ယမန်နေ့က ရန်ကုန်မြို့ရှိ ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့မှ လာရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ လှူဒါန်းရာတွင် တံတားချောင်း စံပြကျေးရွာအုပ်စု စံပြ (၅) လမ်း နှင့် စံပြ (၇) လမ်းတို့ရှိ အိမ်ထောင်စု ၂၀၀၊ အံ့ကြီးအနောက်ရပ်ကွက် ဗန္ဓုလ (၂) လမ်းရှိ အိမ်ထောင်စု ၅၀ နှင့် တပင်ရွှေထီးရပ်ကွက် ပတ်လမ်းရှိ အိမ်ထောင်စု ၅၀၊ စုစုပေါင်း အိမ်ထောင်စု ၃၀၀ အတွက် ဆန် ၆ ပြည်၊ ဆီ ၃၀ ကျပ်သား၊ ငါးသေတ္တာ ၂ ဘူး၊ ကြက်ဥ ၁၀ လုံး၊ ခေါက်ဆွဲခြောက် ၁ ထုပ်၊ ကုလားပဲ ၂၅ ကျပ်သား၊ လက်ဖက်ထုပ်များ၊ မုန့်များပါဝင်သည့် စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၅၀ ကို လှူဒါန်းခဲ့သည်။ ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းတွင် ဒလမြို့နယ်အတွင်းရှိ အနှေးယာဉ်ဆိုက်ကားသမား ၅၀၀ ဦး တို့ကို အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ လှူဒါန်းရာသို့ ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ We Love Yangon-Dala အဖွဲ့နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


