ကျောက်ဆည် ၃၀  အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း (၁၄) ရက်တွင် ဆင်အကအလှ ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ဖြစ်သောကြောင့် ဆင်အကအလှ ပြိုင်ပွဲမကျင်းပဖြစ်ဘဲ အောက်တိုဘာ ၃၀ ရက်ညနေပိုင်းက ဆင်အကဖျော်ဖြေမှုများသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ ဆင်အကအလှ ပြိုင်ပွဲ မကျင်းပဖြစ်လည်း ကျောက်ဆည် နယ်သူနယ်သား ဆင်အကအလှ ပြိုင်ပွဲဝင်ရောက်ခဲ့သူများအနေဖြင့် ရိုးရာဓလေ့ကို ထိန်းသိမ်းခြင်းအနေဖြင့်သော်လည်းကောင်း အစဉ်အလာ ထိန်းသိမ်းသည့်အနေဖြင့်သော်လည်းကောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆင်အကဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလဆိုတော့    ကျွန်တော်တို့ဆင်အကအဖွဲ့ အနေနဲ့ ကျောက်ဆည်မြို့၊ မြို့မဈေးကြီးကို သုံးပတ်ပြည့်အောင် ဈေးပိတ်ချိန် ၄ နာရီကျော်ကနေ  ဈေးထောင့်် လေးနေရာမှာ  ဉဒိန်နနတ်မင်းကို ဦးတိုက်ရိုသေ အကများနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်” ဟု ရွှေအိုးဆင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောပြ၍သိရသည်။

သက်မောင်(ကျောက်ဆည်)