လိပ်သို  ၃၁  အောက်တိုဘာ

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အသက် ၉ နှစ်မှ ၁၀ နှစ် မကျော်သေးသော အမျိုးသမီးငယ်များအား  HPV  သားအိမ်ခေါင်းကင်ဆာ  ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က တိုက်နယ်ကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် လိပ်သိုမြို့  တိုက်နယ်ပြည်သူ့ဆေးရုံမှ တာ၀န်ခံဆရာ၀န် ဒေါက်တာဇေယျာဦး က အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားလာနိုင်သည့်  အကြောင်းအရာများ၊  HPV ရောဂါ ကူးစက်နိုင်ချေရှိသည့် နည်းလမ်းများ၊ ရောဂါလက္ခဏာ များအကြောင်းနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို အသိပညာပေး   ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်မှ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းကို အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်ရန်  စသည်တို့ကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ကာကွယ်ဆေး ထိုးနှံမည့် လုပ်ငန်းအစီအစဉ်အား  လိပ်သိုမြို့ပေါ် (၆) ရပ်ကွက်နှင့် အနီးပတ်၀န်းကျင် ကျေးရွာများရှိ အသက် ၉ နှစ် မှ ၁၀ နှစ် မကျော်သေးသော အမျိုးသမီးငယ်များအား လာမည့် နို၀င်ဘာ ၂  ရက်နေ့မှ ၅ ရက်နေ့အထိ ကာကွယ်ဆေးများကို အပြီးထိုးနှံပေးသွားမည် ဖြစ်ကြောင်း  ကျန်းမာရေးဆရာမ ဒေါ်ပြုံးပြုံးအောင် ထံမှ သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)