ကျုံပျော် ၃၁ အောက်တိုဘာ
ယခု ရက်ပိုင်းအတွင် စပါးရိတ်သိမ်းနေချိန်တွင် မိုးများရွာသွန်းလျက်ရှိသောကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ စပါးရိတ်သိမ်းတောင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိဒေသတွင်းရှိ စပါးများမှာ ရိတ်သိမ်းရန် အချိန်ကျရောက်သောကြောင့် မိုးပြတ်ချိန်တွင် လမ်းနံဘေးရှိ လယ်များမှာ ရိတ်သိမ်း ခြွေလှေ့စက်ကြီးများ အသုံးပြုကာ ရိတ်သိမ်းနိုင်ကြသော်လည်း၊ စက်ကြီးဝင်ရောက်ရန် ခက်ခဲသော အတွင်းပိုင်းလယ်များမှာ လူအင်အား အသုံးပြုရိတ်သိမ်းရခြင်း၊ လယ်ကန်သင်းတွင် ကောက်လှိုင်းစည်းပုံရခြင်းနှင့် လက်ရှိသယ်ယူရန်အခက်အခဲ တို့ကြောင့် မရိတ်သိမ်းရသေးသော တောင်သူ အများအပြား ရှိနေကြောင်း၊ ရိတ်သိမ်းပြီးတောင်သူအချို့မှာလည်း ကောက်လှိုင်းများ မိုးမိခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိ ရိတ်သိမ်းပြီး စပါးတင်း (၁၀၀) လျင် ငွေကျပ်(၄၆၀၀၀၀) မှ ငွေကျပ်( ၄၈၀၀၀၀) ဝန်းကျင်ဖြင့် ဝယ်ယူနေကြပြီး၊ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် တစ်ခါတည်း ထွက်ရှိသောစပါးများကို ရောင်းဝယ် နေကြခြင်း ဖြစ်ကြောင်း၊ ခြောက်သွေ့သော စပါးများမှာ (၅) သိန်းကျော် ပေါက်ဈေးရှိကြောင်း၊ စပါးရိတ်ရာတွင် ယခုနှစ်များအတွင်း စပါးရိတ်သိမ်းခြွေလှေ့စက်ကို အသုံးပြုမှု အများအပြားရှိလာပြီး၊ တစ်ဧက ရိတ်သိမ်းခဈေးနှုန်းမှ ငွေကျပ် (၄၅၀၀၀) ဝန်းကျင်ဖြစ်ကြောင်း၊ ကျုံပျော်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၁၅၄၀၈) ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
နေဝင်းမြင့် (ကျုံပျော်)


