ကျောက်ဆည်  ၃၁   အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့ ရောက်ရှိပါက ဆင်အက အလှပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်သောကြောင့် ဆင်အကအလှ ပြိုင်ပွဲမကျင်းပခဲ့သော်လည်း ယမန်နေ့ ညနေ ၄ နာရီက ဆင်အကဖျော်ဖြေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့၌ ဆင်အကအလှပြိုင်ပွဲ မကျင်းပခဲ့သော်လည်း ကျောက်ဆည်နယ်သူနယ်သားဆင် အကအလှ ပြိုင်ပွဲဝင် ရောက်ခဲ့သူများအနေဖြင့် ရိုးရာဓလေ့ကို ထိန်းသိမ်းခြင်းအနေဖြင့် သော်လည်းကောင်း အစဉ်အလာ ထိန်းသိမ်းသည့် အနေဖြင့်သော်လည်းကောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆင်အကဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလဆိုတော့ ကျွန်တော်တို့ ဆင်အကအဖွဲ့အနေနဲ့ ကျောက်ဆည်မြို့၊ မြို့မဈေးကြီးကို (၃)ပတ်ပြည့်အောင် ဈေးပိတ်ချိန် (၄)နာရီကျော်မှ ဆင်အကများဖြင့် ဈေးထောင့််(၄) နေရာမှာ ဥဒိန်နနတ်မင်းကို ဦးတိုက်ရိုသေ အကများနဲ့ ကပြဖျော်ဖြေခဲ့ကြောင်း ဆင်အကအဖွဲ့ ရွှေအိုးဆင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ရ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)