မြစ်သား ၃၁ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မင်းကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စိန်မင်းထူးစတိုးဆိုင်ရှေ့ တွင် ကဗျာမီးပုံးများ ထွန်းညှိပူဇော်၍ အသိပညာပေးခြင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကဗျာမီးပုံးများကို နှစ်စဉ် မြစ်သားမြို့၊ ရွှေသူဌေးရပ်ကွက်ရှိ ပန်းသီတာဥယျာဉ်တွင် မီးပုံးအလုံး(၄၀)၊ ကဗျာပုဒ်ရေ (၂၀၀)ဖြင့် အသိပညာပေးခြင်းကို စည်ကားစွာ ပြုလုပ်ပေးနိုင်ခဲ့ပြီး ယခုဆိုလျှင် တတိယ အကြိမ်မြောက်ဖြစ်ပြီး ကိုဗစ်−၁၉ ကူးစက်ရောဂါကြောင့် ပန်းခြံအား ပိတ်ထားရခြင်းဖြစ်ကာ အစဉ်အလာ မပျက်စေလိုသောကြောင့် အဆိုပါ စတိုးဆိုင်ရှေ့တွင် ထွန်းညှိပူဇော်၍ အသိပညာ ပေးခြင်းအား ပြုလုပ်ခြင်းဖြစ်ကြောင်း၊ မော်လမြိုင်မြို့ရှိ “ကဗျာကဖေး” ဆိုင်တွင်ချိတ်ဆွဲထားသည့် ကဗျာမီးပုံးများကို သဘောကျနှစ်ခြိုက်ပြီး ယခုအစီအစဉ်အား ပြုလုပ်ခြင်းဖြစ်ကြောင်း ပွဲဦးဆောင်ကျင်းပသူ ကဗျာဆရာမ ခင့်မိုးခင်က ပြောသည်။
ပထမအကြိမ်တွင် မီးပုံပျံခေါင်းစဉ်အောက်တွင် မတူညီသော ကဗျာဖွဲ့ဆိုမှုများကို လည်းကောင်း၊ ဒုတိယ အကြိမ်တွင် အချစ်၊ အလွမ်းကဗျာများကိုလည်းကောင်း၊ ယခုတတိယအကြိမ်တွင် အနယ်နယ်အရပ်ရပ်မှ ကဗျာဆရာ၊ ဆရာမများ၏ အမေအတွက် ဖွဲ့ဆိုထားသော ကဗျာများဖြင့် မီးပုံးတစ်လုံးတွင် ကဗျာ (၄)ပုဒ်ဖြင့် မီးပုံး(၁၆)လုံးတွင် ကဗျာပုဒ်ရေ(၆၄)ပုဒ်အား ကဗျာမီးပုံးများပြုလုပ်ကာ သီတင်းကျွတ် အဖိတ်နေ့နှင့် လပြည့်ညတို့တွင် ညနေ(၅)နာရီမှ ည(၉)နာရီထိ ထွန်းညှိပူဇော်၍ အသိပညာပေးလျက် ရှိကာ ကဗျာစိတ်ဝင်စားသူများမှ လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။
ဆုမွန်(မြစ်သား)


