မန္တလေး ၃၁  အောက်တိုဘာ

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က   မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာ မြောက်ဘက်တွင် လင်းပိုင်ငယ်တစ်ကောင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဧရာဝတီလင်းပိုင်မှာ လင်းပိုင်အမဖြစ်ပြီး အသက် ၁ နှစ်ကျော် အရွယ်ခန့်သာ ရှိသေးကြောင်း WCS (ကမ္ဘာ့သားငှက်ထိန်းသိမ်းရေးအဖွဲ့၏) ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါကျေးရွာမှ ရေလုပ်သား ဦးကျော်ဆန်းက လင်းပိုင်ကို ဆယ်ယူပြီး ကုန်းပေါ်သို့ သယ်ယူထားကြောင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ သတင်းပေးပို့ခဲ့ကာ ထိုမှတစ်ဆင့် သတင်းပေးပို့မှုအရ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအဖွဲ့၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်မန်း  ဦးဆောင်သော အဖွဲ့နှင့်အတူ ရဲတပ်အဖွဲ့၊ ဒေသခံ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့တို့မှ စစ်ဆေး မှတ်တမ်းရယူခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဧရာဝတီလင်းပိုင်သေအား မှတ်တမ်းထားရှိနိုင်ရေး ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာနှင့် ရွာသစ်ကျေးရွာကြား တောင်ခြေရင်းတွင် အမှတ်အသားပြုလုပ်၍  မြှုပ်နှံထားကြောင်း သိရသည်။

ဖြိုးအိ