ဟားခါး   ၃၁   အောက်တိုဘာ  

ချင်းပြည်နယ်တွင် လူနေအိမ်ခြေ တစ်နှစ်ထက်တစ်နှစ် တိုးပွားလျက်ရှိပြီး ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ကျေးရွာ ကြီးများကို မြို့အဆင့်သတ်မှတ်ပေးခဲ့ရာ ယနေ့အထိ မြို့နယ် ကိုးမြို့နယ်အတွင်းရှိ ကျေးရွာကြီး ၁၁ ရွာကို မြို့အဆင့် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံက သိရသည်။

 

ချင်းပြည်နယ် မြောက်ပိုင်းဒေသ တွန်းဇံမြို့နယ်တွင် ကျီခါးမြို့၊ တီးတိန်မြို့နယ်တွင် ခိုင်ကမ်းမြို့၊ ဖလမ်းမြို့နယ်တွင် ရိခေါ်ဒါရ်နှင့် ဝေဘူလမြို့၊ ဟားခါးမြို့နယ်တွင် ဆူရ်ခွားမြို့၊ ထန်တလန်မြို့နယ်တွင် နှာဟရိန်မြို့တို့ဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်းဒေသ မတူပီမြို့နယ်တွင် ရေဇွာနှင့် လိုင်လင်းပီမြို့၊ ကန်ပက်လက်မြို့နယ်တွင် ကျင်ဒွေးမြို့၊ မင်းတပ်မြို့နယ်တွင် မကွီအိမ်နူးမြို့၊ ပလက်ဝမြို့နယ်တွင် ဆမီးမြို့တို့ကို မြို့အဆင့်တိုးမြှင့်သတ်မှတ်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ကျွန်တော်တို့ ချင်းပြည်နယ်မှာ အခုဆိုရင် ကားလမ်းတွေလည်း တိုးချဲ့ဖောက်လုပ်လျက် ရှိပါတယ်။ ဖလမ်းမြို့မှာ မကြာခင်ဖွင့်လှစ်တော့မယ့် ဆူရ်ဘုန်လေယာဉ်ကွင်းဆိုတဲ့ လေယာဉ်ကြီးတွေ ဆင်းသက် နားနေနိုင်တဲ့ လေယာဉ်ကွင်း တည်ဆောက်နေပါတယ်။ အခုတိုးချဲ့ဖွင့်လှစ်ခဲ့တဲ့ မြို့တွေဆိုရင်လည်း မြို့တွေအတွက် အဓိကကျတဲ့ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်မှုတွေရှိပြီး ဖြစ်သလို ကျန်တဲ့မြို့တွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကောင်းမွန် ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်နေပါ တယ်။ ဆက်သွယ်ရေးတွေကောင်းမွန်လာရင် ကျန်တဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးကဏ္ဍတွေ အားလုံးအဆင်ပြေသွားမှာ ဖြစ်ပါတယ် ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ချင်းပြည်နယ်ကို လက်ရှိတွင် ဖလမ်းခရိုင်၊ မင်းတပ်ခရိုင်၊ ဟားခါးခရိုင်ဟူ၍ ခရိုင်သုံးခုဖြင့် ဖွဲ့စည်းထား ပြီး  မတူပီမြို့ကို ခရိုင်အဖြစ် ဖွဲ့စည်းနေဆဲဖြစ်ရာ မြို့အဆင့်များတိုးမြှင့်ရာတွင် ရိခေါ်ဒါရမြို့၊ ကျီခါးမြို့၊ ရေဇွာမြို့၊ ဆမီးမြို့တို့ကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊ ခိုင်ကမ်းမြို့နှင့် လိုင်လင်းပီမြို့တို့ကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ ဝေဘူလမြို့၊ ဆူရ်ခွားမြို့၊ နှာဟရိန်မြို့၊ ကျင်ဒွေးမြို့နှင့် မကွီအိမ်နူးမြို့တို့ကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း မြို့အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

နေစု(ချင်းရိုးမ)

 

 Chin State (3).j