နေပြည်တော်  ၃၁  အောက်တိုဘာ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၀ ရက် ညနေပိုင်းတွင် သံဖြူဇရပ်မြို့နယ်၊ ဝဲဝင်ကရာကျေးရွာအုပ်စု၊ သက္ကောကျေးရွာအနီး၊ သံဖြူဇရပ်-ဘုရားသုံးဆူသွား ကားလမ်းတွင် ဖားသွတ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၇၅၀ နှင့် မြန်မာငွေကျပ်သိန်း ၃၀၊ ဘိန်းစာရွက်(အစို) ၅ ဒသမ ၅ ကီလိုတို့ကိုလည်းကောင်း ၊

အလားတူယင်းနေ့ နံနက်ပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေး သွားကားလမ်းတွင် စိုင်းဘထွန်း (ခ)စိုင်းဘမောင်းနှင်ပြီး စိုင်းလိန်လိုက်ပါလာသော OUTLANDER အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာ ဖွေရာ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ နှင့် မြန်မာငွေကျပ် ၅၀၀,၀၀၀ တို့ကို လည်းကောင်း၊

ထို့အတူယင်းနေ့ ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ (၁၀၅)မိုင်စစ်ဆေးရေးဂိတ်တွင် သက်နိုင်မိုး(ခ)ဖိုးခွား မောင်းနှင်ပြီး မျိုးထွန်းဦးလိုက်ပါလာသော HYUNDAI အမျိုးအစား ၁၄ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၁၀၀၆ ဒသမ ၄ သိန်းတန်ဖိုးရှိ Sodium Cyanide ၁၀,၂၅၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ  ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မြေနီကွင်းကားဝင်းအတွင်းရှိ ဂိုဒေါင်အမှတ်(၁၁)သို့ ဝင်ရောက်ရှာဖွေရာ ဂိုဒေါင်အတွင်း၌  Sodium Cyanide ၆,၃၅၀ ကီလို၊ Potassium Phosphate ၁၆၀ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)