တိုကျို ၁ နိုဝင်ဘာ
မစ်ဆူဘီရှိ ကုမ္ပဏီမှ ဂျပန်နိုင်ငံအတွင်း ပထမဆုံးပြည်တွင်း၌ထုတ်လုပ်သည့် ခရီးသည်တင် အမျိုးအစား စပေ့စ်ဂျက်လေယာဉ်ထုတ်လုပ်မှုကို ဆိုင်းငံ့ထားမည်ဟု ကြေညာခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံးမှ ဝယ်လိုအား မသေချာသည့်အတွက် ထုတ်လုပ်မှုကို ရပ်နားထားခြင်း ဖြစ်ကြောင်း သိရသည်။ ဒေသတွင်း ဂျက်လေယာဉ်ထုတ်လုပ်မှုအစီအစဉ်ကို ရပ်နားလိုက်ရသည့်အတွက် လေးလေး နက်နက် တောင်းပန်ကြောင်း မစ်ဆူဘီရှီကုမ္ပဏီမှ ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ အီဇူမီဆာဝါခေဂျီက ပြောသည်။ “လုံခြုံစိတ်ချရမှုပိုင်းဆိုင်ရာ ထောက်ခံချက်ရရှိရေးအတွက် ကုမ္ပဏီဘက်မှ လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြဿနာများကိုလည်း အသိအမှတ် ပြုသွားမည်ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။ စမ်းသပ် မောင်းနှင်မှုများကိုလည်း လတ်တလောတွင် ဆိုင်းငံ့ထားသည်။
အဆိုပါဂျက်လေယာဉ်ထုတ်လုပ်ရေးအတွက် နှစ်စဉ်ဘတ်ဂျက်ကိုလည်း ၉၀ ရာခိုင်နှုန်းအထိ ဖြတ်တောက်သွားရန် အစီအစဉ်ရှိသည်။
အဆိုပါထုတ်လုပ်ရေးအစီအစဉ်ကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်တင်ပို့ရောင်းချမှုကိုမူ စက်ပိုင်းဆိုင်ရာ ပြဿနာအချို့ကြောင့် ရွှေ့ဆိုင်းထားသည်။ လေယာဉ်ဝယ်လိုအားမှာလည်း ဆက်လက် ကျဆင်းဖွယ်ရှိ သည်ဟု ခန့်မှန်းထားကြသည်။
အင်န်အိတ်ကေ