ပျဉ်းမနား  ၁   နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ဆုတောင်းပြည့်လောကမာရဇိန် စေတီတော်မြတ်ကြီးတွင်  (၃၁) ကြိမ်မြောက် ပန်းစေတီနှင့် ဆီးမီးငါးထောင်၊ ပန်းပေါင်းစုံငါးထောင်၊ နံ့သာငါးထောင်နှင့် ရေချမ်း ငါးထောင်ကပ်လှူပူဇော်ပွဲကို အောက်တိုဘာ ၃၁ ရက် (သတင်းကျွတ်လပြည့်နေ့) ည ၇ နာရီတွင် ဆုတောင်းပြည့်လောကမာရဇိန်စေတီတော် ရင်ပြင်ပေါ်၌ ကျင်းပခဲ့သည်။

 

ပန်းစေတီနှင့် ဆီးမီးငါးထောင်၊ ပန်းပေါင်းစုံငါးထောင်၊ နံ့သာငါးထောင်နှင့် ရေချမ်းငါးထောင် ကပ်လှူပူဇော်ပွဲနှင့် ပတ်သက်၍ “ယခင်နှစ်တွေကတော့ ခုလိုကပ်လှူပူဇော်ပွဲတွင် ဘုရားဖူးများနှင့် အလွန်ပင် စည်းကားကြောင်း ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် စေတီတော်ဂေါပကအဖွဲ့ဝင် များနှင့်သာ အစဉ်အလာမပျက်ပူဇော်ပွဲကို ကျင်းပရကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရသောကြောင့် ပူဇော်ပွဲကို အကျဉ်းချုံးသာ ပူဇော်ရကြောင်း’’ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်း က ပြောသည်။

 

အဆိုပါ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်သည့် ပျဉ်းမနားမြို့တွင် ကောဇာသက္ကရာဇ် (၁၂၃၄)ခုနှစ်တွင် ရတနာပုံနေပြည်တော် သင်္ဂါယနာတင်ဘဝရှင် မင်းတုန်းမင်းကြီး အမိန့်အရ ဆင်ဝန် ဦးဖိုးမောင်းက ကြီးကြပ်တည်ခဲ့ပြီး မင်းတုန်းမင်းကြီးကိုယ်တိုင် ထီးတော်တင်လှူ အောင်မြင်တော်မူ သည့် စေတီတော်ဖြစ်ပြီး ဆီးမီးငါးထောင်၊ ပန်းပေါင်းစုံငါးထောင်၊ နံ့သာငါးထောင်နှင့် ရေချမ်းငါးထောင် ကပ်လှူပူဇော်ပွဲကို နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တိုင်း ကျင်းပလာသည်မှာ (၃၁)ကြိမ်မြောက်ခဲ့ပြီ ဖြစ်ပြီး ပန်းစေတီပူဇော်ခြင်းမှာတော့ လေးနှစ်သာ ရှိသေးကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)