ပွင့်ဖြူ ၁ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၀)နှင့်အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးခြင်းများကို အောက်တိုဘာ ၂၉ ရက်နေ့က စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်မှုများနှင့်အညီ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈)ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပသွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များအနက် အသက်(၆၀)နှင့် အထက်ရှိသူ သက်ကြီးဘိုးဘွားများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရန်နှင့် အခက်အခဲမရှိ အဆင်ပြေစွာ ပါဝင်မဲပေးနိုင်ရေးအတွက် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာလ (၅)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း၊ ထိုသို့ ကြိုတင်ဆန္ဒမဲပေးရာတွင် မဲရုံသို့ လာရောက် မဲပေးရန် အခက်အခဲရှိသော သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများ၊ အချုပ်ကျခံနေရသူများ၊ မီးဖွားသူများနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများကို နိုဝင်ဘာ (၆ ၊ ၇) ရက်နေ့များတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ လက်မှတ်များ ကို လိုက်လံကောက်ယူ ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့နယ်အတွင်း အသက်(၆၀)နှင့်အထက် သက်ကြီးဘိုးဘွားများ၊ မဲရုံတွင် တာဝန် ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများ၊ မဲဆန္ဒနယ်မှကျော်လွန်၍ နိုင်ငံတော်တာဝန်ဖြင့် ခရီးဝေးသွားလာရန်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ မိမိနေရပ်သို့ ပြန်လည်၍ ဆန္ဒမဲမပေးနိုင်သူများ စသည့် မဲဆန္ဒရှင်ပြည်သူများက ကြိုတင်ဆန္ဒမဲပေးခြင်း ဖြစ်ကြောင်း သိရကာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိရာ မဲရုံအသီးသီးမှ မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာလဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့ လုံခြုံစွာ မဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက သတ်မှတ်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ စနစ်တကျ လာရောက်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပွင့်ဖြူမြို့နယ်၌ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၆၀) နှင့်အထက် ကြိုတင်ဆန္ဒမဲပေးမည့်သူဦးရေမှာ မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် ၈၅၈၂ ဦး၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် ၈၃၄၃ ဦး၊ စုစုပေါင်း ကြိုတင်ဆန္ဒမဲပေးမည့်သူဦးရေ ၁၆၉၂၅ ဦးရှိကြောင်း၊ တစ်မြို့နယ်လုံး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေမှာ ၁၃၅၉၉၀ ဦးရှိကြောင်းနှင့် အဆိုပါ မဲဆန္ဒရှင် စာရင်းများတွင် ချင်းတိုင်းရင်းသာမဲ ဆန္ဒရှင်ဦးရေ ၁၄၈၀ ဦးကျော် ပါဝင်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


