မိုင်းပျဉ်း ၁ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရန် အမှန်တကယ်လိုအပ်သူများ၊ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲ ပေးခြင်းလုပ်ငန်းကို အောက်တိုဘာ ၃၁ ရက် နေ့လယ် ၁ နာရီကစတင်၍ ပိန်းဆန်းရပ်ကွက်နှင့် မိုင်းမန်းကျေးရွာ အုပ်စုရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးရာတွင် အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ လာရောက်ဆန္ဒမဲ ပေးလျက်ရှိပြီး မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများအတွက် မဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များက အိမ်တိုင်ရာရောက် ဆန္ဒမဲများလိုက်လံ ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲ လာရောက်ပေးကြသူများကို နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာ ပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းနှင့် လူစူလူဝေး များမဖြစ်စေရန် Physical Distancing နှင့်အညီ ခပ်ခွာခွာ နေထိုင်စေခြင်း စသည်တို့ ကိုဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်ဆက်)


