ဆွမ်ပရာဘွမ် ၁ နိုဝင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ကျေးလက်နေပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသည့် ရေနမူနာများ ရယူကာ နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်မှစ၍ ရေအရည်အသွေးများ စမ်းသပ်စစ်ဆေး ပေးလျက်ရှိကြောင်း ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့စစ်ဆေးပေးရာတွင် ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ-၂ ဦးအောင်ငြိမ်းချမ်းနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများ၏ နေ့စဉ် သောက်သုံးလျက်ရှိသော ရေထွက်ပင်ရင်းမှ ရေနမူနာကို ရယူပြီး ရေများတွင် အီးကိုလိုင်ဗက်တီးရီးယားပိုးနှင့် လူနှင့် တိရိစ္ဆာန်များ၏ အညစ်အကြေးများ ပါဝင်မှုရှိအား ၂၄ နာရီအတွင်း စစ်ဆေးပေးခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ အီးကိုလိုင်ပိုး၊ အညစ်အကြေးများ ပါဝင်မှုရှိပါက ဝမ်းပျက်၊ ဝမ်းလျှော့နှင့် အခြားသော ရောဂါများ ဖြစ်ပွားနိုင်သည့်အတွက် သောက်သုံးရန်သင့်မသင့် သိရှိနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ စစ်ဆေးရခြင်းဖြစ်ပါကြောင်း ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက ပြောပြ၍ သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး မြို့နယ်အတွင်းရှိ အင်ဆိုင်းယန်၊ ခင်ဒူယန်၊ ဖုန်ကျန်း၊ အင်ကောမ၊ ခင်ဒူကောင်၊ ပင်စောင်း၊ ဆူယန်၊ အင်တားဂလူ၊ လိုင်ဝါးယန်၊ ခါ့ကရန်းယန်၊ မိုင်ထောင် စသည့် ကျေးရွာ ၁၁ ရွာမှ အသုံးပြုလျက်ရှိသည့် ရေထွက်ပင်ရင်းများ၏ ရေများကို စမ်းသပ်စစ်ဆေး ပေးလျက်ရှိကြောင်း သိရသည်။
သန်းလွင်(မကွေး)


