ပွင့်ဖြူ ၁ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသ မိုးရွာသွန်းမှု အားကောင်းခဲ့သည့်အတွက် တမံအတွင်း ရေဝင်ရောက်မှုရှိခဲ့ပြီး နိုဝင်ဘာ ၁ ရက်၊ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ယင်း တမံရေပြည့်အမှတ် ၃၄၀ ပေထက် ရေပိုလွှဲမှ ၂ ဒသမ ၃၀ ပေ ရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင် ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ မှီခိုအားထားရသော အဓိက တမံတစ်ခုဖြစ်သည်။ အောက်တိုဘာ ၃၀ ရက်၊ ညနေပိုင်းက စတင်၍ မိုးများရွာသွန်းခဲ့သည့်အတွက် တမံအတွင်း ရေဝင်ရောက်မှု တိုးလာခဲ့ရာ သတ်မှတ်ထားသော တမံရေပြည့်အမှတ် ၃၄၀ ပေထက် ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိပြီး အဆိုပါ ရေကျော်ကျမှုမှာ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာမရှိကြောင်းနှင့် တမံရေပိုလွှဲမှ ရေကျော်ကျနေမှုနှင့် ပတ်သက်ပြီး နေ့စဉ် ပြည်သူများကို အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ကြီးအုံကြီးဝတမံ၏ သတ်မှတ်ထားသော ရေပြည့်အမှတ် ဖြစ်သည့် ၃၄၀ ပေ ထက် ၂ ဒသမ ၃၀ ပေခန့် ရေကျော်ကျလျက်ရှိနေပြီး အဆိုပါ ရေကျော်ကျနေမှုမှာ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိသေးကြောင်းနှင့် ရေပိုလွှဲမှ ရေကျော်ကျနေမှု အခြေအနေအား ပြည်သူများသိရှိနိုင်ရန် အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင် က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)


