မန္တလေး ၁ နိုဝင်ဘာ

မြန်မာနိုင်ငံတွင် ဘုရား၊ တန်ဆောင်း၊ ဇရပ်၊ ကျောင်း၊ မုခ်ဦး၊ ပြဿာဒ်နှင့် ဘုရားခန်းတို့ကို အလေးထား အလှဆင် ကုသိုလ်ပြုလေ့ရှိရာ ရှေးခေတ်ကာလက မြန်မာ့ရိုးရာ ပန်းဖောက်လုပ်ငန်း၊ ပန်း ပန်းပုလုပ်ငန်းဖြင့် ကနုတ်ပန်းများ ထုလုပ်ကာ အထွဋ်တင် အလှဆင်ကြသည်။ လက်ရှိကာလတွင် မြန်မာ့ရိုးရာ ပန်းဖောက်လုပ်ငန်း ပန်း   ပန်းပုလုပ်ငန်းဖြင့် အလှဆင်မှုကို နိဗ္ဗာန်ကုန် သံထီးလုပ်ငန်းလုပ်ကိုင်သူတို့က ခေတ်နှင့်အညီ စတီးပြားများ အသုံးပြုကာ တွင်ကျယ်စွာ အလှဆင် ပြုလုပ်လာကြသည်။

လက်ရှိကာလတွင် ဓမ္မာရုံ၊ သိမ်ကျောင်း၊ မုခ်ဦး၊ ပြဿာဒ်နှင့် ဘုရားခန်းတို့ကို စတီးဖြင့် ပြုလုပ်သောပန်းများဖြင့် အလှဆင်ကြသည်။ စတီးပြားတွင် ရွှေရောင်၊ ငွေရောင်များဖြင့် ပြုလုပ်ပြီး ကနုတ်ပန်းများဖြင့် လိုသလိုအလှဆင် လုပ်ကိုင်ပေးသည်။ စတီးပြား အထူအပါးအလိုက် ဈေးနှုန်းလည်း ကွာခြားသွားသည်။ စတီးပြားများကို လိုသလို  အမှတ်အသားပြုကာ ပန်းဖောက်ခြင်းလုပ်ငန်းကို ပြုလုပ်ရသည်။ ဓမ္မာရုံများ ဘုရားခန်းများ ဘုန်းတော်ကြီး ကျောင်းများတွင် ပန်းဆွဲ၊ ဒေါက်၊ စိန်၊ အောက်ဆွဲ၊ ဖောင်းပန်းဆွဲ၊ လိပ်ပြာတောင်မှအစ အမျိုးမျိုးပြုလုပ် အလှဆင်ပေးကြသည်။

အဆောက်အအုံ အကြီးအသေးပေါ်မူတည်ကာ ပေအရှည်အတိုင်းအတာ အမျိုးမျိုး ပြုလုပ်အလှဆင်ပေးရသည်။ အလှဆင်မှုတွင် စတီးရွှေရောင်ငွေရောင်  ပန်းကနှုတ်များ တပ်ဆင်နိုင်ရန် သံငြမ်းများထိုးကာ ပြုလုပ်ရသည်။ 

လက်ရှိကာလ ဘုန်းတော်ကြီးကျောင်း၊ ဘုရားခန်း၊ ဓမ္မာရုံများနှင့် အခြားပန်းကနှုတ်များဖြင့် အလှဆင်ကြရာတွင် ခေတ်နှင့်အညီ ရွှေရောင်/ငွေရောင်စတီးများဖြင့် ပြုလုပ်အလှဆင်မှုများလာသည်။ လက်ရှိကာလ စတီးပြား ပန်းဖောက်လုပ်ငန်း လုပ်ကိုင်သူများသည် မိရိုးဖလာ သံထီးတော်လုပ်ငန်းများဖြင့် တွဲဖက်လုပ်ကိုင်ကြကြောင်း မန္တလေးမြို့မှ စတီးပြား ပန်းပုလုပ်ငန်းလုပ်ကိုင်သူတစ်ဦး က ရှင်းပြသည်။

တိမ်တမန်