ရန်ကုန်  ၁  နိုဝင်ဘာ

ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းသို့ ရွှေရီမင်းကုမ္ပဏီမှ လူနာတင်လူနာတင်ယာဉ် သုံးစီး ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် (၂)ရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်းတွင် ပြုလုပ်သည်။ 

“ကျွန်တော်တို့ ရွှေရီမင်းကုမ္ပဏီများအုပ်စုအနေနဲ့ လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ လူထုအထောက်အကူပြု မူဝါဒအရ ယခုလို ကိုဗစ်ကာလမှာ လိုအပ်နေတဲ့ အရေးပေါ်လူနာတင်ယာဉ်တွေကို ကျွန်တော်တို့မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းကို အားဖြည့်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အခုလိုအချိန်မှာ လှူဒါန်းခွင့်ရတဲ့အတွက်လည်း များစွာဝမ်းမြောက်ရပါတယ်” ဟု ရွှေရီမင်းကုမ္ပဏီမှ ဦးရဲမင်း က ပြောသည်။

ရွှေရောင်သမိုင်း အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းသည် လက်ရှိ ကိုဗစ်ရောဂါ ဖြစ်ပွားနေမှု အပါအဝင် အခြားပရဟိတကိစ္စများဆောင်ရွက်ရာတွင် ယခင်က လူနာတင်ယာဉ် နှစ်စီးသာရှိသည့်အတွက် သွားလာမှုအခက်အခဲများရှိနေကြောင်း၊ ယခုအခါ ယာဉ်သုံးစီး ထပ်မံလှူဒါန်းသည့်အတွက် အရေးပေါ်ယာဉ်ငါးစီး ဖြစ်သွားသည့်အတွက် ပရဟိတလုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းနှင့်ဓာတ်ပုံ/နေလင်း)