ကျွန်းစု ၁ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးနေမှုနှင့် မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေကို ယနေ့ နံနက်ပိုင်း၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် မဲရုံးကြီးကြပ်တာဝန်ကျသော ဥပဒေအရာရှိ ဦးပြည့်ဖြိုးသော်တာနှင့် တာဝန်ရှိသူများက ကတ္တလူကျေးရွာ၊ မရမ်းချောင်းကျေးရွာ၊ ကတန်ကျေးရွာ၊ ကပကျေးရွာ၊ ထိန်ချောင်းကျေးရွာတို့ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မဲပေးမှုအခြေအနေကို ကြည့်ရှုခဲ့ကြပြီး အဆိုပါ ကျေးရွာစာသင်ကျောင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျွန်းစုမြို့တွင် မဲရုံစုစုပေါင်း (၁၆၃)ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ (၁၁၀၀၀၀) ကျော်ရှိကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲဝင်များက အသက်(၆၀)နှင့်အထက် အဘိုးအဘွားများ၏ နေအိမ်များသို့ ကြိုတင်ဆန္ဒမဲများ ကွင်းဆင်းကောက်ခံလျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


