ကြာအင်းဆိပ်ကြီး  ၁  နိုဝင်ဘာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် GAP စနစ်ဖြင့်စိုက်ပျိုးသည့် မိုးနှမ်းနှင့် ဆောင်းနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နှမ်းမျိုးကို ယခင်က တောင်သူတွေအနေဖြင့် မိရိုးဖလာအလေ့အကျင့်ဖြင့်သာ စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး ယခုနှစ်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာ‌အရောက် ကွင်းဆင်းပြီး တောင်သူအသိပညာပေးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေမှုကြောင့် GAP စိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးလာ ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ဒေသနှင့်ကိုက်ညီပြီး နှမ်းစိုက်တောင်သူများ ဝင်ငွေပိုမိုတိုးတက် ရရှိလာစေဖို့ နှမ်းမျိုးများအား ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးပြသခြင်းနှင့် ဒေသနှင့်ကိုက်ညီသည့် နှမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးလာနိုင်စေရေးအတွက် GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများ၏ နည်းလမ်းများနှင့် ဘေးအန္တရာယ်ကင်းသည့် သီးနှံများထုတ်လုပ်နိုင်စေရေး၊ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်လာစေရေး၊ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေရေးအတွက် တောင်သူအသိပညာပေးခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း စံပြစိုက်ပျိုးထားသည့် အုန်းတပင်ကျေးရွာမှ တောင်သူဦးမြင့်သိန်းထွေးက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ မိုးနှမ်းနှင့် ဆောင်းနှမ်းစိုက်ပျိုးမှုဧကမှာ (၁၈၀၀၀)ဧကကျော်ခန့်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းညွန့်ထံမှ သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)