နိုဝင်ဘာ ၂
ယခုနိုဝင်ဘာလဆန်းသည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးကာလဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလ၌ ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပရခြင်းဖြစ်သည်။ ကိုဗစ်ကလည်းအရေးကြီး၊ ရွေးကောက်ပွဲကလည်း အရေးကြီးဖြင့် အထူးသတိထား လုပ်နေရသည့်အချိန်ဖြစ်သည်။ ယခုအခါ ကြိုတင်ဆန္ဒမဲများ စတင်ပေးနေပြီဖြစ်သည်။ မကြာမီ တွင် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်သည်။
ဤသို့သော အချိန်ကာလတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း၊ သေဆုံးနှုန်း ကျဆင်းလာသည်ကို မြင်တွေ့ရသဖြင့် အနည်းငယ် စိတ်အေးသက်သာရသည်။ သို့သော် ဆက်လက်သတိထား အထူးဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ အတည်ပြုလူနာ စတင်တွေ့ရှိခဲ့သည့် မတ်လ ၂၃ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ဓာတ်ခွဲနမူနာ စစ်ဆေးခံခဲ့သူ ၆၉၆၂၆၇ ဦးတွင် အတည်ပြုလူနာ ၅၃၄၀၅ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၃၄၁၈၉ ဦးနှင့် သေဆုံးသူ ၁၂၅၈ ဦးရှိရာ ယင်းတို့အပေါ် ခြုံငုံသုံးသပ်၍ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ဖွံ့ဖြိုးစ မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးစနစ်ကို အတတ်နိုင်ဆုံး မြှင့်တင်ဆောင်ရွက်နေသော်လည်း ကျန်းမာရေး ဝန်ထမ်းများမှစ၍ အစစအရာရာတွင် လိုအပ်ချက်များ ရှိနေသေးသည်။ ယခုနှစ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလတွင် ရောဂါသံသယရှိ၍ ဓာတ်ခွဲစစ်ဆေးပေးခဲ့ရသူ ခုနစ်သိန်းနီးပါး၊ အတည်ပြုလူနာ ငါးသောင်းကျော်၊ သေဆုံးသူ တစ်ထောင်ကျော်တို့နှင့် ပတ်သက်၍ နေ့ညမနား စွန့်စွန့်စားစား ဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကူညီဆောင်ရွက်ပေးကြသူများ မည်မျှပင်ပန်းနွမ်းနယ်နေကြပြီကို ခန့်မှန်းကြည့်နိုင်ပေသည်။
ထို့ကြောင့် ရောဂါဖြစ်ပွားမှု ရှေ့ဆက်တက်မလာရအောင် အထူးသတိထား ဆောင်ရွက်ကြရမည် ဖြစ်သည်။ ကူးစက်ဖြစ်ပွားမှု အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်သည်။ လက်ရှိကာလ၏ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ ဆေးဘက်ဆိုင်ရာ ပညာရှင်များ၏ အသိပေးမှုများကို လိုက်နာကြရမည်ဖြစ်သည်။ ရောဂါကို ကုသထိန်းချုပ်ရာ၌ အစုလိုက်အပြုံလိုက် ဖြစ်ပွားမှုသည် ကိုင်တွယ်ရခက်ခဲသော အနေအထားဖြစ်သည်။ နောက်ဆုံးအခြေအနေအထိ ရောဂါပိုးကူးစက်မှုအများဆုံး၊ အစုလိုက်အပြုံလိုက် ဖြစ်ပွားနိုင်သည့်နေရာများမှာ ဈေး၊ ဘုန်းတော်ကြီးကျောင်း၊ ဘိုးဘွားရိပ်သာနှင့် စက်ရုံ၊ အလုပ်ရုံနေရာများ ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ပြန်လည်သုံးသပ်ကြည့်ရာတွင် ကိုဗစ်-၁၉ ရောဂါပိုးသည် ပရိယာယ်ကြွယ်ပြီး ရောဂါဖြစ်ရာလမ်းကြောင်းကို ခန့်မှန်းရခက်ပေသည်။ အကြမ်းဖျင်းအားဖြင့် အစိုးရိမ်လွန်လျှင်၊ ကြောက်လွန်းလျှင် သို့မဟုတ် သတိမမူလျှင်၊ မကြောက်လွန်းလျှင် ရောဂါ ဖြစ်နိုင်ခြေပိုများသည်ဟု ဆိုနိုင်သည်။ ယင်းအပြင် ကိုဗစ်-၁၉ ရောဂါသည် လူစုလူဝေးတွင် ကူးစက်မှု အများဆုံးဖြစ်နိုင်သည်ဟု ဆိုထားရာ ပညာရှင်များ တွေ့ရှိထားသည့် ဖော်ပြပါစုဝေးရာ နေရာများမှာ လက်ရှိတွင် ရောဂါ ကူးစက်မှု အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် လူစုလူဝေးများရာ နေရာများ၌ ရောဂါကူးစက်နှုန်းများမှုကို သုံးသပ်ကြည့်နိုင်ပေသည်။
အမှန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံ၏အနေအထားအရ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ခြေရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ရောဂါပိုးတွေ့ရှိမှု များနေခြင်းမှာ တစ်နေရာတည်းတွင် ရောဂါအစုလိုက်ဖြစ်ပွားမှု များနေခြင်း၊ ထိုနေရာမှ ပိုးတွေ့လူနာရာနှင့်ချီ ထွက်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှု များနေသေးခြင်း ဖြစ်ပါသည်။ ဈေးများသည် လူအဝင်အထွက်စုံခြင်း၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ အချို့စက်ရုံ၊ အလုပ်ရုံများသည် အစုလိုက်ကြာရှည်စွာ ထိတွေ့မှုများ ရှိနေခြင်းတို့ကြောင့် ရောဂါပိုးတွေ့သူများ မကြာခဏ ရာချီထွက်ကာ ရောဂါဖြစ်ပွားမှု မြင့်တက်နေခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားသော်လည်း ကျန်းမာရေးဘက်ဆိုင်ရာမှ အလေးထား ကြိုးပမ်းကုသပေးမှုကြောင့် ရောဂါသက်သာပျောက်ကင်းကြ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကို သတိမူ အလေးထား လိုက်နာဆောင်ရွက်ကြပါက ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်သည့် အလားအလာများရှိနေပါသည်။ ယခုလက်ရှိ ရာနှင့်ချီသည့် အစုအပြုံလိုက်တွေ့ရှိမှုများအား လျော့ပါးသွားစေရန် အထူးသတိထား အပ်သည့် ဖော်ပြပါနေရာများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အထူးလိုက်နာဆောင်ရွက်ခြင်းအား အထူးအလေးထားခြင်းဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကို လျှော့ချထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
ကြေးမုံ