ကလျာမိုးမြင့်
ဂျိမ်းစ်ဘွန်းလို့ လူသိများကြတဲ့ ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီး ရှောင်ကွန်နရီဟာ အသက် ၉၀ မှာ ၎င်းကိုချစ်တဲ့ပရိသတ်တွေနဲ့ မိသားစုဝင်တွေကို ထားရစ်ခဲ့ပြီး ကွယ်လွန် သွားပြီဖြစ်ကြောင်း ၎င်းရဲ့မိသားစုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
စုံထောက်မင်းသားကြီး ဂျိမ်းစ်ဘွန်း
စကော့တလန် နိုင်ငံသားဖြစ်တဲ့ မင်းသားကြီး ရှောင်ကွန်နရီဟာ ၎င်းရဲ့ ဂျိန်းစ်ဘွန်းဆိုတဲ့ ဇာတ်ကောင်နေရာကို ကျကျနန ပုံဖော်နိုင်တဲ့သူအဖြစ် အင်မတန် လူသိများခဲ့ပြီး စုံထောက်ဇာတ်ကောင် အဖြစ်နဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကားပေါင်း ခုနစ်ကားအထိ ပါဝင်ရိုက်ကူး သရုပ်ဆောင်ခဲ့သလို ပရိသတ်တွေကို အကောင်းဆုံး ဖမ်းစားနိုင်ခဲ့တဲ့သူအဖြစ် အင်မတန် နာမည်ကြီးခဲ့ပါတယ်။
မင်းသားကြီး ရှောင်ကွန်နရီဟာ အချိန်အနည်းငယ်ကြာတဲ့အထိ နေမကောင်း ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ၎င်းနေထိုင်ရာ ဘဟားမားစ်ကျွန်းမှာပဲ ငြိမ်းချမ်းစွာနဲ့ ထာဝရအိပ်စက် အနားယူသွားခဲ့ပြီဖြစ်ကြောင်း ၎င်းရဲ့သားဖြစ်သူက ပြောခဲ့ပါတယ်။ ရှောင်ကွန်နရီရဲ့ အသက် ၉၀ ပြည့်မွေးနေ့ကို ပြီးခဲ့တဲ့ ဩဂုတ်လက ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ရုပ်ရှင်ဆုအများအပြားဆွတ်ခူးခဲ့
မင်းသားကြီး ရှောင်ကွန်နရီဟာ ၎င်းရဲ့အနုပညာ သက်တမ်းကို ဆယ်စုနှစ် ငါးခုလောက်ကြာအောင် ကုန်လွန်ဖြတ်သန်းခဲ့ပြီး The Untouchables ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အိုင်းရစ်လူမျိုး ရဲဝန်ထမ်း တစ်ဦးအနေနဲ့ ပြောင်မြောက်စွာ ပါဝင်တင်ဆက်နိုင်ခဲ့မှုအတွက် အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် အော်စကာဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ၎င်းပါဝင်သရုပ်ဆောင် ထားတဲ့ The Hunt for Red October, Highlander , Indiana Jones and the Last Crusade, The Rock ဇာတ်ကားတွေ ဟာ အင်မတန် နာမည်ကျော်ကြားလူကြိုက် များခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။
မိသားစုတွေဝိုင်းရံခဲ့
မင်းသားကြီးရှောင်ကွန်နရီရဲ့သားဖြစ်သူ ဂျက်ဆန်ကွန်နရီက ဖခင်ဖြစ်သူ ညသန်းခေါင် ကွယ်လွန်သွားချိန် ဘဟားမားစ်မှာ နေထိုင်ကြတဲ့ ၎င်းရဲ့ မိသားစုဝင်များဟာ ၎င်းရဲ့ဘေးမှာ ဝန်းရံပြီး အတူရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ရှောင်ကွန်နရီ ကွယ်လွန်ပြီးနောက်မှာ ဇနီးဖြစ်သူ မီရှဲလင်း၊ သားနှစ်ဦးဖြစ်တဲ့ ဂျက်ဆန်နဲ့ စတီဖင်တို့ ကျန်ရစ်ခဲ့ပါတယ်။ ဂျိန်းစ်ဘွန်းရဲ့ Thunderball ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းအချို့ကိုလည်း အဲဒီမှာပဲ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဆုံးရှုံးမှုကြီးတစ်ခု
ရှောင်ကွန်နရီ ကွယ်လွန်သွားတဲ့နေ့ဟာ ၎င်းကို ချစ်ခင်အားပေးခဲ့ကြသူတွေ၊ ၎င်းအပေါ် ခင်မင်ရင်းနှီးခဲ့ကြသူတွေအတွက် ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ဖြစ်သလို ကမ္ဘာကျော် ဇာတ်ကောင်တစ်ဦးအနေနဲ့ ၎င်းဆီကနေ မမေ့နိုင်စရာ အမှတ်တရများစွာကို ရရှိခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေအတွက်လည်း ဆုံးရှုံးမှုကြီး တစ်ခုပါပဲ။ သမိုင်းမှာ ၎င်းနဲ့ထပ်တူကျတဲ့ သရုပ်ဆောင်မျိုး နောက်တစ်ဦးပေါ်ထွက်လာဖို့ ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်လောက်အောင် ခဲယဉ်းပါတယ်။
လူသိများခဲ့သောရုပ်ရှင်ဇာတ်ကားများ
ရုပ်ရှင်လောကမှာ နှစ်ပေါင်း ၅၀ လောက် အထိ ကျင်လည်ခဲ့တဲ့ ရှောင်ကွန်နရီက အော်စကာဆုတစ်ဆု၊ Bafta ဆုနှစ်ဆု၊ Golden Globe ဆုသုံးဆုနဲ့ ရုပ်ရှင်ထူးချွန်ဆုအများအပြား ဆွတ်ခူးရရှိခဲ့ပါတယ်။ ပရိသတ်ရင်ထဲမှာ မှတ်မှတ်ရရ ဖြစ်နေစေခဲ့တဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကား ခုနစ်ကားကတော့ ၁၉၆၂ ခုနှစ်မှာ Dr No ၊ ၁၉၆၃ခုနှစ်မှာ From Russia with love ၊ ၁၉၆၄ နှစ်မှာ Goldfinger ၊ ၁၉၆၅ခုနှစ်မှာ Thunderball ၊ ၁၉၆၇ ခုနှစ်မှာ You Only live Twice ၊ ၁၉၇၁ ခုနှစ်မှာ Diamonds are Forever နဲ့ ၁၉၈၃ ခုနှစ်မှာ Never say Never Again ရုပ်ရှင်ဇာတ်ကား တွေပဲ ဖြစ်ပါတယ်။
မင်းသားကြီး ရှောင်ကွန်နရီကို 007 စုံထောက်ဇာတ်ကားတွေရဲ့ ပြိုင်ဘက်ကင်း သရုပ်ဆောင်မင်းသားအဖြစ် ၎င်းရဲ့ ပရိသတ်တွေက အသိအမှတ်ပြု လက်ခံထားကြပါ တယ်။ လက်ရှိမှာ ဂျိမ်းစ်ဘွန်းမင်းသား ဇာတ်ကောင်နေရာကို ဝင်ရောက်သရုပ်ဆောင်နေတဲ့ မင်းသား ဒယ်နီရယ်ခရေ့ချ်ကိုယ်တိုင်က ရှောင်ကွန်နရီဟာ ကြီးမြတ်တဲ့ရုပ်ရှင်သရုပ်ဆောင်ကြီး ဖြစ်တယ်ဆိုတဲ့အကြောင်း ချီးမွမ်းစကားဆိုခဲ့ပါတယ်။
ဟောလိဝုဒ်ရဲ့ကြယ်တစ်ပွင့်
မင်းသားကြီး ရှောင်ကွန်နရီနဲ့ အရင်းနှီး ဆုံးမိတ်ဆွေတွေဖြစ်ခဲ့တဲ့ စကော့တလန် ဝန်ကြီးချုပ်ဟောင်း အဲလက်စ်ဆာလ်မန်က ရှောင်ကွန်နရီဟာ စကော့တလန် ပြည်နယ်ကို ချစ်မြတ်နိုးတဲ့ မျိုးချစ်စိတ်ရှိသူ၊ အတွေး အခေါ်နက်နဲသူ၊ အနုပညာပါရမီ ကြီးမားပြီး ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောကြားခဲ့ပြီး ဟောလိဝုဒ်ရဲ့ ကြယ်ပွင့် တစ်ပွင့်အဖြစ် ၎င်းကို တင်စားဖော်ပြခဲ့ပါတယ်။
Scottland Forever (ထာဝရအမြဲတမ်း စကော့တလန်) ဆိုတဲ့စာသားကို ၎င်းရဲ့လက်မောင်းမှာ ရေးထိုးထားရုံတင်မက နှလုံးသားထဲမှာပါ မှတ်တမ်းတင်ရေးထိုးထားခဲ့တဲ့ ရှောင်ကွန်နရီဟာ စကော့တလန်ကို ဘယ်လောက်ချစ်မြတ်နိုးသလဲဆိုတာ ထင်ရှားပေါ်လွင်လှပါတယ်။
ဆာဘွဲ့ချီးမြင့်ခံရ
နိုင်ငံ့အချစ်တော်တစ်ဦး ပျောက်ကွယ်သွားတဲ့အတွက် တစ်နိုင်ငံလုံးက ဝမ်းနည်းမဆုံးဖြစ်ရတယ်လို့ စကော့တလန်ဝန်ကြီးချုပ် နီကိုလာစတာဂျန်ကလည်း ပြောကြားခဲ့ပါတယ်။ မင်းသားကြီး ရှောင်ကွန်နရီဟာ ၂၀၀၀ ပြည့်နှစ်တုန်းကလည်း ဗြိတိသျှ ဘုရင်မကြီးကိုယ်တိုင် Holyrood နန်းတော် မှာ ဆာဘွဲ့ ချီးမြှင့်ပေးခြင်းခံရတဲ့သူတစ်ဦးပါ။
ဟောလိဝုဒ်ကြယ်ပွင့် တစ်ပွင့်ဖြစ်ခဲ့တဲ့ ရှောင်ကွန်နရီ ကွယ်လွန်သွားသော်လည်း ၎င်းရဲ့နိုင်ငံနဲ့ ၎င်းကို ချစ်တဲ့ပရိသတ်တွေရဲ့ ရင်ထဲမှာ တစ်ခေတ်ဆန်းခဲ့တဲ့ စုံထောက် မင်းသားကြီး ဂျိမ်းစ်ဘွန်းကတော့ အမြဲ ရှင်သန်နေဦးမှာပါ။
ကိုးကား - ဘီဘီစီ