ရန်ကုန်  ၂  နိုဝင်ဘာ

ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက် တော်ဝင်လမ်းအတွင်း၌ နိုဝင်ဘာ ၁ ရက်ည ၈ နာရီခန့်က အိမ်နှစ်အိမ် မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ မီးစတင်လောင်သည့် အိမ်မှခြေရင်းခန်းတွင် နေထိုင်သူဦး စိုးနေလင်း၏ မီးဖိုခန်းအဝင်တွင် ထားရှိသည့် ရေခဲသေတ္တာပေါ်၌ ဖယောင်းတိုင်တင် ပူဇော်ထားရာမှ ပြုတ်ကျ၍ လောင်ရခြင်း ဖြစ်ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့၏ မှတ်ချက်အရ သိရသည်။

 

အခန်းပိုင်ရှင်များ၏ အဆိုအရ မီးစတင်လောင်ချိန်၌ အိမ်တွင်နေထိုင်သူ နှစ်ဦးစလုံးမှာ အခန်းတွင် ရှိမနေဘဲ အခြားသို့ရောက်ရှိနေသည်ဟု ဆိုသည်။

 

မီးစတင်လောင်ချိန်၌ ရပ်ကွက်အုပ်ချုပ်မှူးနှင့် အဖွဲ့ဝင်များက မီးသတ်ဆေးဘူးများဖြင့် ကနဦးဝင်ရောက် ငြှိမ်းသတ်ခဲ့သော်လည်း မီးအားပိုမိုများပြားလာသည့်အတွက် မြို့နယ် မီးငြှိမ်းသတ်ရေး ယာဉ်များ အပါအဝင် Level 1 အဆင့် အုပ်ချုပ်ရေးယာဉ်လေးစီးနှင့် မီးငြိှမ်းသတ်ရေးယာဉ် ၁၀ စီးတို့က လာရောက်ငြိှမ်းသတ်ပေးခဲ့ကြသည်။

 

လောင်အား ကောင်းခဲ့သော မီးကို ည ၈ နာရီ ၁၅ မိနစ်တွင် ထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ မိနစ်၂၀ တွင် ငြိှမ်းသတ်ပေးနိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် မူလစတင်လောင်သည့် အိမ်အပေါ်ထပ် အောက်ထပ်အပါအဝင် ခေါင်းရင်းအိမ် အပေါ်ထပ်တစ်ခုလုံး မီးလောင်ဆုံးရှုံးမှုများ ဖြစ်ခဲ့သည်။

 

မီးလောင်မှုကြောင့် အခန်းပိုင်ရှင် ဦးစိုးနေလင်းအား မြို့နယ်ရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကိုကြီးတင်