ကန့်ဘလူ  ၂   နိုဝင်ဘာ

 

ကန့်ဘလူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်  ၃၂၆၀၀၀၀၀၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

မြို့ပေါ်ရပ်ကွက်များရှိ အဆင့်မြှင့်တင်မည့်လမ်းများမှာ အမှတ်(၃)ရပ်ကွက် မာဃလမ်းသွယ်(၁)ကတ္တရာခင်းခြင်း၊ ရွှေကျွမ်းတောလမ်းသွယ်များ ကတ္တရာခင်းခြင်း၊ အထက(ခွဲ)ညောင်အိုင်ကျောင်းရှေ့ ကတ္တရာခင်းခြင်း၊ အမှတ်(၄)ရပ်ကွက် တောင်ပိုင်းလမ်းမကြီး ကတ္တရာလမ်းခင်းခြင်း၊ တောင်ကျောင်းကြီး အနောက်ဘက်လမ်း ကတ္တရာခင်းခြင်း၊ အမှတ်(၂)ရပ်ကွက် စွယ်တော်လမ်း ကွန်ကရစ်နှင့်ကတ္တရာခင်းခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ရဲစခန်းဘေး) ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ စည်ပင်သာယာလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ အမှတ်(၄)ရပ်ကွက်  ဦးအောင်မြတ်လမ်း (ဂုဏ်ရောင်ဓာတ်ပုံတိုက်ရှေ့) ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မြို့တွင်းလမ်းများတွင် လမ်းပေါက်ဖာထေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်မည်ဟု သိရသည်။

 

ထို့ပြင် အမှတ်(၁)ရပ်ကွက် အောင်သိဒ္ဓိလမ်း ကျောက်ချောခင်းခြင်း၊ Box Culvert (၃) စင်းတည်ဆောက်ခြင်း၊ အမှတ်(၅)ရပ်ကွက် နီလာလမ်း ကျောက်ချောခင်းခြင်း၊ ဦးအောင်ဇေယျ လမ်းပေါ် Box Culvert (၁)စင်း တည်ဆောက်ခြင်း၊ ထန်းကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ချပ်သင်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ကိုးထောင်ဘို့ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ မလယ်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် မြို့တွင်းရေပိုက်လိုင်းများနှင့် ဂိတ်ဘားများပြုပြင်ခြင်း၊ သားသတ်ရုံ မြေနေရာဝယ်ယူခြင်း၊ သားသတ်ရုံ ၂၉ ရုံ တည်ဆောက်ခြင်း၊ အမှိုက်ကန် (၃)ကန် ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)