နောင်ချို ၂ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မျက်ချီးနုကျေးရွာအုပ်စု ကျောက်တော (စံပြ) ကျေးရွာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း Communityl Based Tourism (ကျောက်တောစံပြ CBT) အား ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီမှ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်းကို နိုဝင်ဘာ ၁ ရက်နေ့နံနက် ၉ နာရီ အချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲကို ဓနုယဉ်ကျေးမှုအကဖြင့် ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က အမှာစကားပြောကြားခဲ့ပြီးနောက် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကိုပေးအပ်ခဲ့ရာ ကျောက်တော(စံပြ) CBT ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးမှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ နောင်ချိုကြီး တိမ်ပင်လယ် Cherry Hill Resort 7th Heaven Resort ပိုင်ရှင် ဦးမော်စီမိသားစု၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဇနီးဒေါက်တာစိန်စိန်သိန်း မိသားစုတို့က ကျောက်တော (စံပြ) CBT အတွက် အလှူငွေများ ပေးအပ်ရာ CBT ကော်မတီ အတွင်းရေးမှူး ဦးနိုင်ဝင်းထွန်းမှ လက်ခံရယူကာ CBT ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသန်းလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကျောက်တော(စံပြ) CBT ကျေးရွာသည် ခရီးသွားပြည်သူများအတွက် စိတ်ချမ်းမြေ့မှုကို များစွာ ဖြည့်ဆည်းပေးစွမ်းနိုင်သည့် နေရာဒေသတစ်ခုဖြစ်ကာ ကိုဗစ်ကာလအလွန်ပြီးသွားပါက ခရီးသွား လုပ်ငန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(မြို့နယ်ပြန်/ဆက်)


