ဝန်းသို  ၂  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၉ ရွာတွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်သို့ လျင်မြန်စွာသယ်ယူပို့ဆောင်နိုင်ရေးအတွက် ကုန်ထုတ်လမ်း သုံးလမ်း ဖောက်လုပ်ခြင်းနှင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိ စေရေးအတွက် လေးလက်မစက်ရေတွင်း ခြောက်တွင်း တူးဖော်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြိုင်ဇေယျာကျေးရွာ ကုန်ထုတ်လမ်း(မြေသား+ဂျင်း) (၀/၅) မိုင်ဖောက်လုပ်ခြင်း၊ ယင်းလမ်းပေါ်တွင် လိုအပ်သောကွန်ကရစ်တံတား (၁)စင်း၊ Box Culvert (၂)စင်၊ Pipe Culvert(၁)စင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် ကနဖော့ကျေးရွာ ကုန်ထုတ်လမ်း( မြေသား+ဂျင်း) (၀/၄.၅၅) မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းတို့ကို ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုငွေကျပ် (၆၂.၂၃) သန်းဖြင့် လည်းကောင်း၊ အောင်းပင်ကျေးရွာ ကုန်ထုတ်လမ်း(မြေသား+ဂျင်း) (၂/၀)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းကို တိုင်းဒေသကြီး ဘတ်ဂျက်ခွင့်ပြုငွေကျပ် (၉၃.၁၃၀)သန်းဖြင့် လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

 

ထို့အတူ ရေပေရေးလုပ်ငန်းများဖြစ်သည့် လေးလက်မစက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုငွေကျပ် စုစုပေါင်း(၅၀.၄၄၀)သန်းဖြင့် မော်နိုင်းအုပ်စု နောင်ကွင်းကျေးရွာ၊ ညောင်ပင်သာအုပ်စု ဒုံးဒုတ်ကျေးရွာ၊ ဂျိုးတောင်အုပ်စု ကြူတောကျေးရွာ၊ ပေကုန်းအုပ်စု အင်းပုဒ်ကုန်း ကျေးရွာတို့တွင်လည်းကောင်း၊ တိုင်းဒေသကြီးဘတ်ဂျက်ခွင့်ပြုငွေကျပ် စုစုပေါင်း(၂၅.၉၀)သန်းဖြင့် ရေဝေမြင်သာအုပ်စု၊ မြိုင်ဇေယျာကျေးရွာနှင့် ကင်းမြင်သာအုပ်စု၊ ခပ်ချိုကျေးရွာတို့တွင် လည်းကောင်း စုစုပေါင်း ကျေးရွာ ၆ ရွာတွင် ရေရရှိရေးလုပ်ငန်းများကို  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)