ပခုက္ကူ ၂ နိုဝင်ဘာ
ရေစကြိုမြို့၊ ဖောင်တော်ဦးဘုရား၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ညီနောင်ဘုရားငါးဆူ ပင့်ဆောင်၍ မြို့တွင်း အပူဇော်ခံနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာ ၁ ရက် (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်) နေ့လယ် ၂ နာရီက ကျင်းပသည်။
ဖောင်တော်ဦးဘုရားတွင် ကိန်းဝပ်စံပယ်လျက်ရှိသော ချမ်းသာကြီး၊ ချမ်းသာရ၊ သက်တော်ရှည်၊ သက်တော်ရ၊ ရွှေတန်ဆာညီနောင်ဘုရားငါးဆူအား ပင့်ဆောင်၍ သံဃာတော်အရှင်သူမြတ် ၅ ပါးက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး ဖောင်တော်ဦးဘုရားမှ စတင်ထွက်ခွာ၍ မြို့တွင်းတစ်ပတ် လှည့်လည်အပူဇော်ခံသည်။
ညီနောင်ဘုရားငါးဆူမြို့တွင်း အပူဇော်ခံနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရေစကြိုမြို့၊ အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းက ဦးဆောင်ပြီး ကမ္ဘာ့ကပ်ရောဂါ ဘေးကင်းစင် ပပျောက်ရေးနှင့် သီတင်းကျွတ် (ဝါကျွတ်)ကာလ မြို့နေပြည်သူများ မိမိတို့ နေအိမ်ရှေ့မှ ဖူမြော်ကြည်ညို၍ ကုသိုလ်ယူပွားများနိုင်ရန် ကျင်းပခြင်း ဖြစ်ကြောင်း အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝဏ္ဏအောင်၏ ပြောကြားချက်အရ သိရသည်။
ကိုဇော်(ပြန်/ဆက်)


