တနင်္သာရီ  ၂   နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ချောင်းကြီးရပ် သာသနာ့ဝုဎ္ဋိပါလကျောင်းတိုက် ဦးစီးပဓာနဆရာတော် အသက်တော်(၁၀၂)နှစ်၊ ဝါတော်(၈၂)ဝါရှိ ဘဒ္ဒန္တအရှင်ပညာဒီပ၏ ဩဝါဒကို ခံယူ၍ တနင်္သာရီမြို့၏ ရိုးရာနဂါးလှေသဘင်ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်(၄)ရက် နေ့မှာစည်ကားစွာ ကျင်းပလျက်ရှိပြီး ၁၇၊ ၁၀၊ ၂၀၁၉ ရက်နေ့တွင် တနင်္သာရီမြို့၏ မြို့တည်နန်းတည်နှစ် (၈၆၆)နှစ်မြောက်အဖြစ်၊ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။

 

DSC_3547.J

 

သို့သော်ယခု (၂၀၂၀)ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့် ဒေသန္တရအမိန့်များအရ (၈၆၇)နှစ်မြောက်၊ ရိုးရာနဂါးလှေသဘင် ပွဲတော်ကို ကျင်းပပြုလုပ်မည်မဟုတ်ဘဲ  ရိုးရာနဂါးလှေသဘင်ပွဲတော်၏ အစဉ်အလာကို  ထိန်းသိမ်း သည့်အနေဖြင့် နဂါးလှေတော်အစား ဖောင်မျှောခြင်း အစီအစဉ်အား  ယခုနှစ် သီတင်းကျွတ် လပြည့်ကျော် (၄)ရက်၊ နိုဝင်ဘာ ၄ ရက်  ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီအချိန်တွင် အကျဉ်းမျှသာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်ရိုးရာ နဂါးလှေတော်အဖွဲ့မှ သိရှိရသည်။

 

ယခင်နှစ်များကဆိုလျှင် ယခုလိုအချိန်တွင် ရိုးရာနဂါးလှေသဘင်ပွဲတော် အောင်မြင်စွာ လှော်ခတ်ကျင်းပ နိုင်ရန်အတွက် ချောင်းကြီးကျောင်းတိုက်ရှိ ရွှေနန်းသာရီနှင့် ငွေနန်းသာရီ နဂါးလှေနှစ်စီး၊ လယ်သစ် အနောက်ကျေးရွာ ကျောင်းကြီးတိုက်မှ မြကြီးအောင်နှင့် ရန်ကြီးအောင် နဂါးလှေနှစ်စင်း၊ လယ်သစ် အရှေ့ကျောင်းမှ စိန်ပန်းသွယ်နှင့် ပတ္တမြားသွယ် နဂါးလှေနှစ်စင်း စုစုပေါင်း နဂါးလှေတော် (၆)စင်းအား ရေချ မင်္ဂလာပြုလုပ်ခြင်း၊ နဂါးလှေနှင့် ဆက်စပ်ပစ္စည်းများအား မွမ်းမံပြင်ဆင်ခြင်း၊ မြစ်ရေပြင် အတွင်းမှာ လှော်ခတ်လေ့ကျင့်ခြင်းများ ပြုလုပ်ခြင်းဖြင့် လှေသဘင်ပွဲတော်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေချိန်ဖြစ်သည်။

 

 DSC_3559.JPG

 

အလားတူ ရိုးရာနဂါး လှေသဘင်ပွဲတော်ကျင်းပမည့် သီတင်းကျွတ်လပြည့်ကျော် (၄)ရက်နေ့၌ သက်တော်ရှည် ဆရာတော်ဘုရားကြီးမှ ရွှေနန်းသာရီ၊ ငွေနန်းသာရီ၊ ရန်ကြီးအောင်၊ မြကြီးအောင်၊ စိန်ပန်းသွယ်နှင့် ပတ္တမြားသွယ် စသည့် နဂါးလှေတော်(၆)စင်း၏ ဦးခေါင်းတော်များကို အမွှေးနံ့သာ၊ ပေါက်ပေါက်နှင့် နွားနို့ရည်များဖြင့် ဦးခေါင်းဆေးခြင်း မင်္ဂလာကိုမေတ္တာပို့သ ချီးမြှင့်ဆောင်ရွက်ပေးပြီး အဆိုပါ ရိုးရာနဂါးလှေ(၆)စီးမှ နဂါးလှေဖွဲ့စည်းပုံအတိုင်း လှေတော်သားများက ရှေးဟောင်းသမိုင်းဝင် နဝဒတ်စေတီ၊ ဝင်္ကဘာစေတီ၊ မြဝတ်ဆင်စေတီနှင့် လေသာစေတီတော်မြတ်များအား ရည်မှန်း၍ မြစ်ရေပြင်အတွင်းမှ လှော်ခတ်ကြရင်း ဦးခိုက်ပူဇော်ကြသည်။ ၎င်းရိုးရာလှေ(၆)စင်းတွင် လှေတော်သား စုစုပေါင်း ၂၅၀ ခန့်ရှိသည်။

 

တနင်္သာရီမြို့နယ်တွင် ရိုးရာနဂါးလှေသဘင် ပွဲတော်ကို သက္ကရာဇ်(၅၁၅)ခုနှစ်၊ တနင်္သာရီမင်း ဆက်ဗျံစက္ကပိတ် (ခေါ်) စကြာဝတေးမင်း လက်ထက်မှစတင်၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် အထိ အသက်တော်(၁၀၂)နှစ်၊ ဝါတော်(၈၂)ဝါရှိ ဘဒ္ဒန္တအရှင်ပညာဒီပ၏ ဩဝါဒကိုခံယူလျက် နှစ်စဉ် အစဉ်အလာမပျက် ထိန်းသိမ်း ကျင်းပလာခဲ့သည်မှာ၊ ယခုနှစ် ၁၃၈၂ ခုနှစ်ဆိုလျှင် (၈၆၇)နှစ်မြောက် ရှိပြီဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။

 

 IMG_20191017_0717

 

ရိုးရာနဂါးလှေတစ်စင်း၌ မင်္ဂလာဦးပေါက် (လှေတော်ဦးစီး) တစ်ဦး၊ မင်္ဂလာလည်ရွဲ (လှေဦးစီး အနောက်ထိုင်) နှစ်ဦး၊ လည်ရွဲအကူနှစ်ဦး၊ (နှဲ၊ ဗုံတီး၊ ကြေးတီး၊ မောင်းတီး) လှေတီးဝိုင်းသား(၄)ဦး၊ ပဲ့မာန်စွယ်အကူနှစ်ဦး၊ လျှာတက်ကိုင်အကူ (ပဲ့နင်းငယ်)နှစ်ဦး၊ လျှာတက်ကိုင် (ပဲ့နင်းကြီး)တစ်ဦး၊ လှေတော်သား(၂၈)ဦး စသဖြင့် လှေတော်သားစုစုပေါင်း (၄၂)ဦးစီ လူအင်အား ဖွဲ့စည်းပုံပါဝင်ပြီး၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ အားမာန်အပြည့်ဖြင့် လှော်ခတ်ရခြင်းနှင့် တစ်နှစ်တွင်တစ်ကြိမ်သာ ကျင်းပပြုလုပ်ခြင်း စသဖြင့် ထူးခြားသည့် ရိုးရာလှေသဘင်ပွဲတော်ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

 

 IMG_20191017_1248