ရန်ကုန် ၂ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်း လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များအား ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီအချိန်မှစတင်ကာ (၈၁)ဂိတ်ဟောင်း၊ ပျိုမေ့အိမ်ရာနှင့် (ဏ)ကွေ့တို့တွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ရောင်းချရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်း ဆောင်ရွက်သော ရွှေပြည်သာမြို့နယ်အတွင်းရှိ လူသွား လူလာများတတ်သော နေရာများသို့ ဈေးကား များဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန်ငါး အမျိုးမျိုး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများ စသည်တို့ကို လူတန်းစား မရွေး ဝယ်ယူနိုင်သည့် အလေးချိန်များနှင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရွှေပြည်သာမြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းနှင့် ဝန်ထမ်းများက ဦးဆောင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို၊ အေးအေးမိုး(ပြန်/ဆက်)


