၂ နိုဝင်ဘာ
COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၄၅) ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Myanmar Seafarer Employment Services Federation (MSESF) တို့၏ စီစဉ်မှုဖြင့် နိုဝင်ဘာ ၂ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲ ပေးခဲ့သည်။
အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ နံနက် ၄ နာရီခွဲ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာသင်္ဘောသား (၁၄၁) ဦး၊ ပိုလန်နိုင်ငံမှ (၃) ဦးနှင့် စင်ကာပူနိုင်ငံမှ (၁) ဦး၊ စုစုပေါင်း (၁၄၅) ဦးတို့မှ စီးနင်းလိုက်ပါခဲ့ကြသည်။
လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။
#နိုင်ငံခြားရေးဝန်ကြီးဌာန


