ရန်ကုန် ၂ နိုဝင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့ရှိ စော်ဘွားကြီးကုန်းပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နား စခန်းဝင်းအတွင်း ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းကို ယာယီပိတ်ထားပြီးလူနှင့် ယာဉ်အဝင်၊ အထွက်အား အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကာ ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ပါက ကြိုတင်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စော်ဘွားကြီးကုန်း ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းအတွင်း ဂိတ်ပေါက်လေးခုမှ နှစ်ခုကို အဝင်အထွက်ထားရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်မှုနှင့်အညီ ဝင်းအတွင်း နေထိုင်သူများနှင့် ကုန်စည်တင်ဆောင်သော ယာဉ်မောင်းတို့ကို နှာခေါင်းစီးတပ်ဆင်ခြင်း၊ လက်ဆေးကန်များတွင် လက်ဆေးခြင်းနှင့် လက်သန့်ဆေးရည်ဖျန်းခြင်း၊ မိမိတို့ဆိုင်ခန်းတိုင်းတွင် လက်ဆေးကန်များ ထားရှိခြင်း၊ ကျန်းမာရေးလမ်းညွှန်ချက် အသိပေးဆိုင်းဘုတ်များ ထားရှိခြင်းတို့ကို လိုက်နာရန်ကြပ်မတ် ဆောင်ရွက်လျက်ရှိကာ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိရှိရန် လိုက်လံ အသိပညာပေးခြင်းတို့ကို ကုန်စည်ပွဲရုံ လုပ်ငန်းဈေးများနှင့် ကုန်စည်ပွဲရုံများ စီမံခန့်ခွဲရေးမှ ဆောင်ရွက်လျက် ဆိုင်ခန်းဖွင့်လှစ်ရောင်းချမှုကို စက်တင်ဘာ ၂၃ ရက်နေ့မှစ၍ ပိတ်ခဲ့ပြီး အဝင်ကုန်ပစ္စည်းများကို ပို့ဆောင်ခွင့်မပြုဘဲ ဆိုင်ခန်းမှ ပစ္စည်းများကိုသာ အပြင်သို့ တင်ဆောင်ခွင့်ပြုကာ အောက်တိုဘာ ၂၄ ရက်မှစ၍ ယာဉ်အဝင်၊ အထွက်အား စတင်စိစစ် ဆောင်ရွက်နေကြောင်း သိရသည်။
“ဝင်းထဲကဆိုင်ခန်းတွ ဈေးရောင်း၊ ဈေးဝယ်ပိတ်ထားတယ်။ အောက်တိုဘာ ၂၄ ရက်နေ့မှာ ယာဉ်အဝင်၊ အထွက်ကို ဂိတ်ပတ်နဲ့ စိစစ်ပြီးခွင့် ပြုပေးပါတယ်။ အဝင်ပစ္စည်း လက်မခံဘူး။ ဆိုင်ကသယ်တဲ့ ပစ္စည်းတော့ ခွင့်ပြုပေးတယ်။ ဝင်းထဲမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မရှိအောင်ပိတ်လိုက်တာ ကောင်းသွားပါတယ်။ ဖွင့်ထားရင်တော့ ရောဂါဆိုတာ မပြောနိုင်ပါဘူး။ ယာဉ်နဲ့လူအဝင်၊ အထွက် ကိုတော့ အထူးကြပ်မတ်ပြီး ဆောင်ရွက်နေပါတယ်။ လုပ်ငန်းရှင်များနဲ့ ယာဉ်မောင်းများ ဝိုင်းဝန်းပူးပေါင်းဖို့လည်း လိုပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန၊ ကုန်စည်နှင့် ပွဲရုံလုပ်ငန်းမှ ရုံးအုပ် ဦးကျော်မြင့်သိန်းက ပြောသည်။
စော်ဘွားကြီး ကုန်းပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နား စခန်းဝင်းအတွင်း၌ ၁၅ ပေ၊ ပေ ၄၀ ဆိုင်ခန်းပေါင်း ၁၄၃၄ ခန်းရှိပြီး ပေ ၂၀၊ ပေ ၄၀ ဘဏ်ကိုးဘဏ်၊ မွေးမြူရေးနှင့် စားသောက်ဆိုင် ၁၁ ဆိုင်ရှိ၍ လူနေထိုင်သော ဆိုင်ခန်းများ၊ ဝန်ထမ်းလိုင်းခန်း၊ အလုပ်သမားနှင့် ကုန်စည်အဝင်၊ အထွက်ယာဉ်များ ရှိသောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဝင်းအတွင်း စက်တင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ထားသော ကန့်သတ် ခွင့်ပြုသည့် လုပ်ငန်းများမှအပ ယာယီ ပိတ်ထားမည်ဖြစ်ပြီး မြန်မာပြည် အောက်ပိုင်းတွင် အိမ်ဆောက်ပစ္စည်းနှင့်အိမ်သုံး ပစ္စည်းမျိုးစုံ လက်လီ၊ လက်ကားဖြန့်ဖြူးရာ အဓိကနေရာဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဝင်းအတွင်းလူနှင့် ယာဉ်အဝင်၊ အထွက်အား အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိ၍ ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်မည် ဆိုပါက ကြိုတင် သတင်းထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန၊ စော်ဘွားကြီးကုန်းပွဲရုံနှင့် ကုန်တင် ယာဉ်ရပ်နားစခန်းမှ သိရသည်။
သန်းထိုက်


