ကောလင်း ၂ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မြို့နယ်ကြိုတင်မဲပုံးတွင် လုံခြုံရေးချိတ်ပိတ်ထားသော လုံခြုံရေးကြိုးများ အလိုအလျောက် ပြတ်တောက်မှုများခဲ့သည် ၂၀၁၅ ခုနှစ်က ကြုံတွေ့ရခြင်းမရှိဘဲ ယခု ၂၀၂၀ ပြည့်နှစ်တွင် လုံခြုံရေးကြိုးများ အလိုအလျောက် ပြတ်တောက်မှုများ ရှိနေကြောင်း ကြားသိရသည်။
ကောလင်းမြို့ပေါ် ကျော်ဇေယျာရပ်ကွက်တွင် ယခုလို မြို့နယ်ကြိုတင်မဲပုံး လုံခြုံရေးကြိုးများ အလိုအလျောက် ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကြားသိရ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျော်ဇေယျာ (၁)ရပ်ကွက်ရှိ မြို့နယ်ကြိုတင်မဲပုံ လုံခြုံရေးကြိုး အလိုအလျောက် ပြတ်တောက်မှုနှင့် ပတ်သက်၍ မြို့ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ၌ ဆန္ဒမဲထည့်သွင်းသည့် အပေါက်အား တိတ်ပိတ်ထားသည်ကို တွေ့ရပြီး ဘေးနှစ်ဖက်ကျိုးပဲ့နေပြီး သယ်ယူစဉ် အခန်းတံခါးနှင့် တိုက်မိပြီးပဲ့သွားခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အထူးရဲများ ရှေ့မှောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သို့ဖြစ်၍ ယမန်နေ့နံနက် ၈ နာရီ မဲရုံဖွင့်ချိန်တွင် လေ့လာစောင့်ကြည့်သူများ ရှေ့မှောက်တွင်ပြသပြီး လုံခြုံရေးကြိုး အသစ်လဲလှယ်ကြောင်း မှတ်တမ်းတင်ရန် ညွှန်ကြားခဲ့သည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကိုကိုက ပြောသည်။
ယခုအခါ မြို့နယ်ကြိုတင်မဲပုံးတွင် လုံခြုံရေးကြိုးများ အလိုအလျောက် ပြတ်တောက်နေရခြင်းမှာ ကော်ကြိုးများ ဖြစ်ခြင်း၊ မာခြင်းနှင့် ကြွပ်ဆတ်ခြင်းများရှိပြီး အထိအခိုက် မခံကြောင်း၊ လက်ရှိတွင် ကြိုတင်မဲ ထည့်ရသည့် ကာလဖြစ်၍ မဲပုံးအားတစ်နေရာတည်းတွင် ထားရသည် မဟုတ်ဘဲ ညပိုင်းတွင် လုံခြုံသည့်အခန်းသို့ နေ့စဉ်ရွေ့ပြောင်း နေရသောကြောင့် လုံခြုံရေးကြိုးများမှာ ထိခိုက်မှုရှိပြီး ပြုတ်ခြင်း၊ ပြတ်တောက်ခြင်းများ ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


