လှိုင်းဘွဲ ၂ နိုဝင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည် သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်(၈) နာရီခွဲက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးခန်းမတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်က ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်မဖွဲ့ဝင်များ အနေဖြင့် ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်၊ ကြိုတင်ဆန္ဒမဲ ပေးရာတွင် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးကြရန်၊ မဲရုံများတွင် သတ်မှတ်ထားသော နေရာ/အချိန်တို့ကို ဥပဒေနှင့်အညီ သတ်မှတ်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ညွန့်က လှိုင်းဘွဲမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်သည် ပြည်နယ်/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် လှိုင်းဘွဲမြို့ (ခ)ရပ်ကွက်၊ (ဂ)ရပ်ကွက်၊ ကွမ်ဘီကျေးရွာများရှိ ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အသက်(၆၀) နှင့်အထက် ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများ၊ မဲရုံထားရှိသော နေရာများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


